တရုတ်၏ ထိပါးရန်စမှုများကြောင့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားရန် ဥရောပသမဂ္ဂနှင့် ဂျပန် စီစဉ်

ANI:-

ဥရောပသမဂ္ဂ(EU)သည် တရုတ်၏ ပင်လယ်ရေကြောင်း ထိပါးကျူးကျော်မှုများကြောင့် ဂျပန်နှင့် နှစ်ဖက်ဆက်ဆံရေးတိုးမြှင့်ရန် လုံခြုံရေးနှင့်ကာကွယ်ရေး မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း EU ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Kyodo News သတင်းတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ(EU)နှင့် ဂျပန်တို့ကြား ချုပ်ဆိုမည့် အဆိုပြု သဘောတူချက်အရ ပင်လယ်ရေကြောင်း လုံခြုံရေး၊ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေရေးနှင့် စစ်ရေးနှင့် စစ်ရေးမဟုတ်သော မဟာဗျူဟာများကို ပေါင်းစပ်ထားသည့် စစ်နည်းဗျူဟာတခုဖြစ်သော နှစ်မျိုးစပ် တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးတို့ အပါအဝင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်သည်။

ဥရောပသမဂ္ဂ(EU)နှင့် ဂျပန်တို့သည် အရှေ့နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းအပေါ် စိုးရိမ်မှုများကြောင့် လွန်ခဲ့သည့် ဇူလိုင်လ၌ ကျင်းပခဲ့သော ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်သည်ဟု Kyodo News သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဂျပန်အား အင်ဒို-ပစိဖိတ်ဒေသရှိ အဓိက မဟာမိတ်အဖြစ် ဖော်ညွှန်းထားပြီး EU နှင့် ဂျပန်တို့သည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးနယ်ပယ်များတွင် ကာလရှည်မိတ်ဖက်များ ဖြစ်ကာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အဆိုပါနယ်ပယ်များတွင် ဆက်ဆံရေး များစွာတိုးတက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ဥရောပသမဂ္ဂ(EU)နှင့် ဂျပန်နိုင်ငံတို့ကြား မိတ်ဖက်ဆက်ဆံရေးကို ထပ်မံမြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ လိုအပ်ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးကောင်စီက အစည်းအဝေးတွင် အလေးအနက်ထား ပြောကြားခဲ့သည်။

ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တွင် ဖော်ပြထားသည့် နယ်ပယ် ၁၄ ခုတွင် အင်ဒို-ပစိဖိတ်ဒေသအတွင်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ရေးနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ရေကြောင်းလုံခြုံရေး စွမ်းရည်များကို မြှင့်တင်ရန် ပံ့ပိုးကူညီရေး တို့အပါအဝင် ပင်လယ်ရေကြောင်း လုံခြုံရေးကိစ္စများ အများဆုံးပါဝင်သည်။

ထို့ပြင် ဥရောပသမဂ္ဂ(EU)သည် ဆိုက်ဘာခြိမ်းခြောက်မှုများကို တုံ့ပြန်ရေး၊ အရေးကြီး အခြေခံအဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အာကာသလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကြိုးပမ်းမှုများအတွက် ညှိနှိုင်းဆောင်ရေးတို့တွင် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်မှန်းထားသည်။

ယမန်နှစ်က ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် ဥရောပသမဂ္ဂ(EU)သည် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်လာမှုအပေါ် စိုးရိမ်ကြောင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ကြွယ်ဝရေးတို့အတွက် အရှေ့နှင့်တောင်တရုတ်ပင်လယ်တို့သည် မဟာဗျူဟာအရ အရေးပါကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

လုံခြုံရေးဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုမည့် ယင်းဆုံးဖြတ်ချက်သည် တရိပ်ရိပ်မြင့်တက်လာသည့် ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန် ဂျပန်ကဲ့သို့ အဓိက မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဥရောပသမဂ္ဂ(EU)၏ သဘောထားကို ဖော်ပြနေသည်။