ထိန်းချုပ်နယ်မြေများ၌ လာရောက်တိမ်းရှောင်နိုင်ကြောင်း AA ဖိတ်ခေါ်

ဓါတ်ပုံ- AA info

ဓါတ်ပုံ- AA info

ဂျူချန်း

(မဇ္ဈိမ)။ ။ ပြည်သူ့စစ်မှုထမ်းဥပဒေ‌ကြောင့် တိမ်းရှောင်လိုသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ထိန်းချုပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရန် AA က ယမန်နေ့ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်မှထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ လတ်တလောစစ်ရေးအခြေအနေများအရ ပြည်သူများအတွက် အလုံခြုံဆုံးနေရာများဖြစ်ပြီး လာရောက်ခိုလှုံကြရန် အသိဘပေးထားခြင်းဖြစ်သည်။

” စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်အပါအဝင် အခြားသောမြို့များသို့ တိမ်းရှောင်နေကြမည့်အစား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် မိဘပြည်သူများအား အသိပေး တိုက်တွန်းအပ်ပါသည်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးမှုများနေ့စဉ်ဖြစ်ပေါ်နေပြီး အဆိုပါ ပြုန်းတီးအင်အားများကို ကာမိစေရန် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း၍ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် နည်းလမ်းပေါင်းစုံကြိုးပမ်းနေသည်ကို တွေ့နေရသည်ဟု အသိပေးထားသည်။

ဒေသအတွင်း တိုက်ပွဲများကြောင့် မြို့ရွာများမှ ပြည်သူလူထုများသည် စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန် ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများသို့ တိမ်းရှောင်နေကြသည်ကို တွေ့ရကြောင်း၊စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်းကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေပြီး ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိနေပြီး AA ထိန်းချုပ်ဒေသများသို့ လာရောက်နေထိုင်ကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့များကို သိမ်းပိုက််ထားပြီး ရမ်းဗြဲ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဘူးသီးတောင်စသည့်မြို့များကိုဆက်လက်ထိုးစစ်ဆင်နေကြောင်းAAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထံတွင် စစ်မှုမထမ်းလိုသူများ လာရောက်ခိုလှုံပါက ကူညီနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရပဒိုစောကလယ်စေးက မဇ္ဈိမနှင့်အင်တာဗျူးအစီအစဉ်တွင် ဖြေဆိုထားသည်။

ထို့အတူ စစ်ကောင်စီကိုတော်လှန်နေကြသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်​ (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY – PDF)၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ ကလေးခရိုင် အမှတ်(၄) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်းရေဦး PDF၊ မြိတ်ခရိုင်တပ်ရင်း(၂)တို့ကလည်း စစ်မှုထမ်းဥပဒေမှ တိမ်းရှောင်လိုသူများအနေဖြင့် ၎င်းတို့ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ရန်ဖိတ်ခေါ်ထားကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့ပြီး လာမည့် ဧပြီလသင်္ကြန်ရုံးပိတ်ရက်အပြီးတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

စာတည်း – အေးချမ်း