ရေးနှင့် ထားဝယ်ကြား အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးကို သွားလာချိန်ကန့်သတ်

အမှတ်(၈) ပြည်ထောင်စုလမ်း၊ ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစီးပေါ်မှ တင်ဆောင်လာသည့် ရဲအသုံးဆောင်ပစ္စည်းများ မီးရှို့ဖျက်ဆီးနေကြစဉ် (၂၀၂၃ ဇွန် ၂၆)

ဂျူချန်း

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ၊သရက်ချောင်းမြို့နယ်ကြားရှိ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုကြရန် တော်လှန်ရေးပူးပေါင်းတပ်က မတ်လ ၃၁ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

“ဒီအမှတ်(၈)လမ်းမကြီးက စစ်ကောင်စီတပ်သားတွေရဲ့ ထောက်ပံ့ရေးနဲ့ သူတို့ဆက်သွယ်ရေးအတွက် အထောက်အကူအများကြီး ပြုနေတယ်။ စစ်ကောင်စီတပ်က ဒီလမ်းမှာ အမှောင်ရိပ်ခိုပြီး ပြည်သူအယောင်ဆောင်ပြီး အိမ်စီးကားတွေနဲ့ သွားလာနေတယ်”ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF တာဝန်ခံ နိုင်နဂါးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အမှတ်(၃) စစ်ဒေသခွဲ ရေး၊ထားဝယ် ဒေသတွင် စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် နေ့ခင်းပိုင်းအချိန်တွင်လည်း ကားမှန်ချ မောင်းနှင်ရန်နှင့် စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရန် ဆိုထားသည်။

ယင်းထုတ်ပြန်ချက်ကို NUG-MOD လက်အောက်ရှိ ဒေါနစစ်ကြောင်း၊ ထားဝယ်ခရိုင်တပ်ရင်းအမှတ်(၁) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လက်အောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ကျောင်းသားတပ်မတော် ABSDF တပ်ရင်း(၁) တို့က ပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုရန် ကန့်သတ်ထားသော်လည်း ညပိုင်းတွင် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ဦးစွာအကြောင်းကြား၍ ဖြတ်သန်းသွားလာနိုင်ကြောင်း နိုင်နဂါးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ မကြာခဏ တိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန်လည်း ၎င်းက တိုက်တွန်းသည်။

“စစ်ကောင်စီက ပြည်သူကို ရန်သူလို သဘောထားပြီး အမှုန့်ခြေနေတာကို တွေ့ရတယ်။ အမှတ်(၈) လမ်းမကြီးပေါ်မှာရှိတဲ့ ပြည်သူသာမကဘဲနဲ့ တခြားပြည်သူအားလုံးကို မကြာခဏ တောင်းဆိုတာရှိတယ်။ ဗုံးခိုကျင်းတွေတူးထားဖို့။ စစ်တပ်နဲ့ ဝေးရာကို ပြောင်းရွှေ့ဖို့။ အရေးကြီးတဲ့ အကြောင်းပြချက်မရှိဘဲနဲ့ ခရီးမသွားဖို့ပေါ့နော်” ဟု ဆိုသည်။

မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လလယ်ပိုင်းမှစတင်ကာ လုံခြုံရေးယူ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်လှုပ်ရှားနေသောကြောင့် ယင်းလမ်းပိုင်းကို အသုံးပြုသွားလာနေသည့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်၊ ပစ္စည်းများကို တင်ဆောင်ခြင်းမပြုရန်နှင့် စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံပေးရန် KNLA တပ်မဟာ(၆) တပ်ရင်း(၂၇) တပ်ရင်းမှူး စောနယ်ဒါထူး လက်မှတ်ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မုဒုံ နှင့်သံဖြူဇရပ်၊ သံဖြူဇရပ် နှင့်ရေး၊ ရေးနှင့်ထားဝယ် ကြားရှိ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးမှုများ မကြာခဏ ဆောင်ရွက်လျက်ရှိရာ ယင်းလမ်းပိုင်းအများစုကို ကာကွယ်ရေးဘက်မှ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ