စစ်တပ်က ပေါ်တာဆွဲသည့် သတင်းကြောင့် မန္တလေးတွင် ညပိုင်းလူသွားလူလာ နည်းပါး

ပုံအညွှန်း – မန္တလေးမြို့ ညဘက်မြင်ကွင်း(ပုံဟောင်း)

007

(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ယင်းကြောင့် ညနေပိုင်း လမ်းမများပေါ်တွင် ယခင်ကထက် လူသွားလူလာ သိသိသာသာလျော့နည်းသွားကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

“လမ်းတွေပေါ်မှာ ည ၈ နာရီနောက်ပိုင်းဆိုရင်၊ အသွားအလာသိသိသာသာလျော့ကျသွားတယ်၊ ရပ်ကွက်ထဲမှာလည်း ထိုနည်းလည်းကောင်းပဲ၊ စျေးဆိုင်အိမ်တွေ အစောကြီးပိတ်ကြတယ်၊ စစ်တပ်ကပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေက မန္တလေးမှာ ဖုံးမရ ဖိမရ ဖြစ်နေပြီ” ဟု မန္တလေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအမိန့် ကြေညာချက်ထွက်လာ ပြီးနောက်ရက်မှစ၍ မြို့တွင်းလမ်းများပေါ် လူအသွားအလာသိသိသာသာလျော့ကျသွားခြင်းဖြစ်ပြီး မြို့အစွန်အဖျားရပ် ကွက်များတွင် နေဝင်မီးမှိတ် စိုးရိမ်ထိတ်လန့်စိတ်ဖြင့် နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။

“တယောက်ယောက်ကများ စစ်သားတွေ ဝင်လာပြီဟေ့လို့ အော်လိုက်တာနဲ့ အိမ်တံခါးတွေပိတ်၊ မီးတွေမှိတ် ကုန်ကြရော၊ ညဘက်ဆိုရင် လမ်းတွေပေါ် ခြောက်ကပ်သွားတာ ၁၀ ရက်လောက်ရှိနေပြီ” ဟု နောက်ထပ် မန္တလေးမြို့ခံတဦးကလည်း ပြောသည်။

မန္တလေးမြို့တွင်း ရပ်ကွက်အချို့တွင် အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်အများအပြား ဖမ်းဆီးခံရမှု နေ့စဉ်ဖြစ်ပွားနေကြောင်းလည်း မန္တလေးမြို့ခံများက ပြောသည်။

ထို့ပြင် ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာအုပ်စုတွင်လည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တရက်တည်း လူငယ် ၃၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

“ပေါ့လို့တော့မရဘူးပေါ့၊ ကောလဟလလို့ထင်ရင် ဘဝနဲ့ရင်းသွားရလိမ့်မယ်၊ အသက် ၁၈ နှစ်မပြည့်သူတွေအနေနဲ့လည်း ပေါ်တာဆွဲမခံရဘူးလို့ မထင်နဲ့၊ သတင်းတွေဖတ်ကြပါ၊ နယ်တွေမှာ ပေါ်တာဆွဲနေတာ ကြာပြီ၊ မဖြစ်နိုင်ဘူးအထင်နဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့ဘဲ တိုက်တွန်းချင်တယ်” ဟု လက်ရှိနိုင်ငံရေး စောင့်ကြည့်လေ့လာသူ မန္တလေးမြို့ခံ တဦးက ပြောသည်။

စစ်ကောင်စီဘက်ကမှု ပေါ်တာဆွဲခြင်းမရှိကြောင်း မြို့အနှံ့ လှည့်လည်ပြီး ရှင်းပြမှုများ လုပ်ဆောင်နေပြီး ထိုရှင်းလင်းချက်အပေါ် “ယုံကြည်မှုမရှိ” ကြောင်း မန္တလေးမြို့ခံများက တုံ့ပြန်ပြောဆိုသည်။

စာတည်း။ ။ နောင်နောင်