လက်ရွေးစင်ကစားသမားဘဝကနေ အနားယူထားတဲ့ တိုနီခရူးစ် ဂျာမန်အသင်းအတွက် ပြန်ကစားမည်

By PKThawn

ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား တိုနီခရူးစ်ဟာ လက်ရွေးစင်ကစားသမားဘ၀ အနားယူထားခဲ့ရာကနေ ယူရို ၂၀၂၄ အိမ်ရှင်ဂျာမနီအတွက် ပြန်ကစားပေးတော့မှာဖြစ်ပါတယ်။

အသက် ၃၄ နှစ် ခရူးစ်ဟာ ၂၀၁၄ မှာ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဂျာမနီအသင်းရဲ့ တစိတ်တပိုင်းအဖြစ်ပါဝင်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၁၀၆ ပွဲကစားခဲ့ပါတယ်။

သူဟာ ၂၀၂၁ ဇူလိုင်မှာ အနားယူခဲ့ပေမယ့် ဂျာမနီနည်းပြ ဂျူလီယန် နာဂယ်စ်မန်းနဲ့ ဆွေးနွေးပြီးနောက်မှာ အဆိုပါဆုံးဖြတ်ချက်ကို အခု ပြန်ပြောင်းခဲ့တာပါ။

“ကျနော် မတ်လကစပြီး ဂျာမနီအသင်းမှာ ပြန်ကစားပေးတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ နည်းပြက ကျနော့်ကို တောင်းဆိုခဲ့လို့ပါ။ ဂျာမနီအတွက် ပြန်ကစားဖို့ ဆန္ဒရှိပြီး စိတ်အားထက်သန်နေပါတယ်။” လို့ ခရူးစ်က Instagram မှာ ရေးသားခဲ့ပါတယ်။

“အခုအချိန် လူအများစု တွေးထင်ထားတာထက် ဥရောပချန်ပီယံရှစ်မှာ အသင်းနဲ့အတူ အများကြီး ပိုဖြစ်နိုင်မယ်ဆိုတာ ကျနော် သေချာပါတယ်”

ခရူးစ်ဟာ သူ့ရဲ့ကလပ်ကစားသမားဘဝတလျှောက်မှာ ချန်ပီယံလိဂ်ဖလား ၅ လုံးအပြင် ဘွန်ဒက်လီဂါနဲ့ လာလီဂါဖလား သုံးလုံးစီကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်သလို ၂၀၁၀ ပြိုင်ပွဲမှာ တတိယပြီးဆုံးခဲ့ပြီး ယူရို ၂၀၁၂ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ ဂျာမနီအသင်းတွေရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

သူဟာ ပြင်သစ်၊ နယ်သာလန်တို့နဲ့ ကစားမယ့် လာမယ့်လ နိုင်ငံတကာခြေစမ်းပွဲအတွက် နာဂယ်လ်စ်မန်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဂျာမနီအသင်းဟာ စကော့တလန်အသင်းနဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၄ ရက် သောကြာနေ့မှာ မြူးနစ်မြို့က Allianz Arena မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

(BBC)