မက်ဆီ ပါဝင်မယ့် ဟောင်ကောင် ခြေစမ်းပွဲ လက်မှတ်တွေ တနာရီအတွင်း ရောင်းကုန်

by By PKThawn

လီယွန်နယ် မက်ဆီ ပါဝင်မယ့် ဟောင်ကောင် ခြေစမ်းပွဲအတွက် လက်မှတ်တွေကို ဝယ်ယူဖို့ အွန်လိုင်းမှာ လူနှစ်သန်းနီးပါး တန်းစီစောင့်ဆိုင်းပြီးနောက် သောကြာနေ့မှာ တနာရီအတွင်း လက်မှတ်တွေ အလျင်အမြန် ရောင်းကုန်သွားခဲ့ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ အာဂျင်တီးနားကစားသမားနဲ့ သူ့ရဲ့ အင်တာမိုင်ယာမီအသင်းဟာ ဖေဖော်ဝါရီ ၄ ရက်မှာ လူ ၄၀,၀၀၀ ဆံ့ ဟောင်ကောင်အားကစားကွင်းမှာ ဟောင်ကောင် XI အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လူဦးရေ ၇.၅ သန်းရှိ ဘဏ္ဍာရေးဆိုင်ရာအချက်အချာ မြို့က ဘောလုံးပရိသတ်တွေဟာ ဟောင်ကောင်ဒေါ်လာ ၈၀၀ မှ ၄,၈၈၀ (ဒေါ်လာ ၁၁၀ မှ ၆၂၅ ဒေါ်လာအထိ) ကုန်ကျမယ့် လက်မှတ်တွေ ဝယ်ယူဖို့အတွက် သောကြာနေ့ မနက်က လက်မှတ်ရောင်းတဲ့ အက်ပ်သို့ အကောင့်ဝင်ရောက်ရာမှာ များပြားလှတဲ့ မှာယူတန်းစီမှုကို ကြုံတွေ့ခဲ့ရပါတယ်။

“ပရိသတ်တွေဆီက တုံ့ပြန်မှုအတွက် ကျနော်တို့ လုံးဝကို ပီတိဖြစ်ရတယ်”လို့ ပွဲဖြစ်မြောက်ရေး ကူညီပေးတဲ့ Tatler Asia ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Michel Lamuniere က ပြောပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူအချို့က “သုံးစွဲသူ များပြားခြင်း (traffic overload ဖြစ်ခြင်း)”ကို ပြတဲ့ အက်ပ်ဆီက error message တွေကို screenshots ရိုက်တင်ခဲ့ကြပါတယ်။

မက်ဆီဟာ ဟောင်ကောင်မှာ ၂၀၁၄ တုန်းက နောက်ဆုံးကစားခဲ့တာဖြစ်ပြီး ခြေစမ်းပွဲလည်းဖြစ်ပါတယ်။

မိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက MLS ကလပ်ဟာ “သာယာလှပရုံသာမက တက်ကြွပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အားကစားပတ်ဝန်းကျင်လည်းရှိတဲ့မြို့”မှာ ကစားဖို့ မျှော်လင့်ထားကြောင်း အရင်က ပြောပါတယ်။ ဘက်ခမ်းဟာ ရီးယဲမက်ဒရစ်ကို ပြောင်းရွှေ့အပြီး မကြာခင် ၂၀၀၃ ဟောင်ကောင်မှာ ခြေစမ်းပွဲကစားခဲ့ဖူးပါတယ်။

ဟောင်ကောင်မှာ ကစားမယ့် မိုင်ယာမီရဲ့ ပွဲထွက်လူစာရင်းမှာ ဂျော်ဒီ အယ်လ်ဘာနဲ့ ဘူးစကွက်စ်တို့လည်း ပါဝင်မှာဖြစ်ကြောင်း ပွဲစီစဉ်သူတွေထံမှ သိရပါတယ်။

Hong Kong XI အသင်းဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းလိဂ်မှ ကစားသမားတွေဖြင့် ဖွဲ့စည်းမှာဖြစ်ပါတယ်။

(AFP)