PDF မိုင်းဆွဲတိုက်ခိုက်သည့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ယာဉ်တန်း၌ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဟု သတင်းထွက်

ပုံအညွှန်း − မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် စစ်ကောင်စီယာဉ်တန်းမှ ကားတစီး။

ပုံအညွှန်း − မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် စစ်ကောင်စီယာဉ်တန်းမှ ကားတစီး။

ရွှေနွယ်၊ ဂျူချန်း

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးတွင် စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း လိုက်ပါလာသည့်ယာဉ်တန်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ ယာဉ်တန်းပျက်စီးမှုရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက‌ ပြောသည်။

အိမ်စီးကားအချို့အပါအဝင်ကား ၁၀စီးခန့်ပါသည့် ယာဉ်တန်းသည် စစ်ကိုင်းမြို့၊အုန်းတောရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဟု သိရသည်။

“ဖြစ်စဉ်ကတော့ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာဖြစ်တာပါ။ အုန်းတော ဖွံ့ဖြိုးရေးကျောင်းကနေထွက်လာတဲ့ အိမ်စီးကားတန်းကို မိုင်ဆွိ(My Sweet Myanmar)ဆီဆိုင်အနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လိုက်တယ်။ ကားတွေတော့ စုတ်ပြတ်သွားတယ်။ ခြောက်ဘီးကားနဲ့တောင် ဆွဲထုတ်ရတဲ့အနေအထားရှိတယ်။ အဲ့ဒီဘက်က Non ပညာရေးဝန်ထမ်းတဦးတော့ သေသွားတယ်လို့သိရတယ်” ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ယာဉ်တန်းသည် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ယာဉ်တန်းဖြစ်ပြီး စစ်ကောင်စီ၏ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းလည်းလိုက်ပါသည်ဟု သတင်းထွက်ပေါ်နေသည်။

ထိုနေ့က ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို့နှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ လာရောက်စစ်ဆေးပြီးအပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မဇ္ဈိမ၏ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

“မိုင်းသုံးလုံးဆွဲခံရတယ်။ ဇော်မင်းထွန်းပါတဲ့ယာဉ်တန်းလို့သိရတယ်။ နှစ်ပွင့်ဗိုလ်နှစ်ယောက်သေဆုံးတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းအချက်အလက်ကို အတည်ပြုနိုင်ရန် မဇ္ဈိမမှဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စနိုက်ပါ၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့စဥ် မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“အုန်းတောနားလေးတင်။ သူတို့ထဲက တစီးတော့ မိသွားတယ်(မိုင်းထိ)။ ကျန်တာတော့ ဘယ်သူမှမသိရဘူး။ နည်းနည်းပါးပါးပစ်ကြသေးတယ်။ ၁၀ နာရီလောက်ဖြစ်ပြီးတာနဲ့ တရွာလုံး ထွက်ပြေးကြရတာနဲ့ ဘယ်သူမှထွက်မကြည့်ရဲကြဘူးလေ“ ဟု ဒေသခံတဦးက ပြောသည်။

ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာသည် အုန်းတောကျေးရွာမှ စစ်ကိုင်းမြို့ဘက်သို့ ပြန်လည်ထွက်ခွာသည့် လမ်းပိုင်းတွင်တည်ရှိသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာကားများအား နောက်ကြောင်းသို့ပြန်လှည့်ခိုင်းသည်ဟု ခရီးသွားယာဉ်မောင်းအချို့က လူမှုကွန်ရက်၌ ဗီဒီယိုဖိုင်ဖြင့်တင်ထားသည်ကို တွေ့ရသည်။ယင်းဗီဒီယိုဖိုင်တွင်ပျက်စီးနေသည့်ကားအနီး ကားဘော်ဒီအစိတ်အပိုင်းအချို့ လွင့်စင်နေသည်ကို လည်း တွေ့ရှိရသည်။

ယခုသတင်းနှင့်ပတ်သက်၍ မေးမြန်းအတည်ပြုရန် ဗိုလ်ချုပ်ဇော်မင်းထွန်းအား မဇ္ဈိမက ယနေ့ ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်တွင် ဖုန်းသုံးကြိမ်ခေါ်ဆိုခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ သတင်းမီဒီယာအချို့အား ပုံမှန်သတင်းထုတ်ပြန်ပေးနေသည့် ၎င်း၏ Viber ဖုန်းနံပတ်မှတဆင့် စာပို့မေးမြန်းရာ ဝင်ရောက်ကြည့်ရှုသွားသော်လည်း ဖြေကြားခြင်းမရှိပေ။

စာတည်း – အေးချမ်း