အာဏာရှင်ကို မတော်လှန်ဘဲ မိမိတပ်အင်အားကြီးအောင်သာ လုပ်နေမယ်ဆိုရင် အကျိုးမရှိကြောင်း ရှမ်းလူငယ်များပြော (ရုပ်သံ)

ဂျူချန်း

မဇ္ဈိမ။ ။ ရှမ်းတိုင်းရင်းသားကိုယ်စားပြု အင်အားကြီးလက်နက်ကိုင်တပ်နှစ်ခုဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တွေအနေနဲ့ စစ်အာဏာရှင်ကို တော်လှန်ခြင်းမရှိဘဲ ကိုယ့်တပ်အင်အားကြီးအောင်ပဲ လုပ်နေမယ်ဆိုရင် ရှမ်းလူထုအတွက် အကျိုးမရှိကြောင်းနဲ့ ရှမ်းလက်ကိုင်တပ်ဖွဲ့နှစ်ခုပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်စေချင်တယ်လို့ ရှမ်းလူငယ်တွေက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်( RCSS/SSA )က ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတိုင်း ခြောက်နှစ် စစ်မှုထမ်းဆောင်ရမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA )ကလည်း တော်လှန်လမ်းစကို ရှာကြံနေတဲ့ ဘဝတူဖိနှိပ်ခံပြည်သူလူထုတွေအတွက် SSPP/SSA ရဲ့ ဦးတည်ချက်၊ မူဝါဒ နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လက်ခံယုံကြည်တဲ့ လူတိုင်းကို ကြိုဆိုတယ်လို့ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီကလည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းထားခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ ဒီလိုလက်နက်ကိုင်တပ်အသီးသီးက စစ်ထဲဝင်ဖို့ ဖိတ်ခေါ်နေတဲ့အပေါ် လူထုအများစုက ကျေနပ်မှုမရှိကြဘဲ အထိတ်တလန့် ဖြစ်နေရတယ်လို့ သိရပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း