စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် ရန်ကုန်မြို့က ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်သူများပြား

ကီရာ

(မဇ္ဈိမ) ။စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် ရွေ့ပြောင်းလုပ်သားများ နေရပ်ပြန်သူ များပြားလာသည်ဟု သိရသည်။

“အကုန် နယ်ပြန်ကုန်ကြလို့ အလုပ်တောင် ရပ်လိုက်ရပြီ။ ရေဘူးတွေအကုန် လိုက်သိမ်းနေရပြီး ပစ္စည်းပို့မယ့်သူတွေ နယ်ပြန်ကုန်လို့ ဘယ်ရက်အထိပဲ ကျွန်တော်တို့ ဆက်လုပ်ပါတော့မယ် ယာယီအလုပ်နားပါပြီဆိုပြီး အကုန်လုံးကို လိုက်ပြောနေရတယ်”ဟု ရန်ကုန်မြို့တွင်း ရေသန့်ဘူးပို့ဆောင်သည့် လုပ်ငန်းရှင်တဦးက ပြောသည်။

ထို့အပြင် ပြည်တွင်း စက်ရုံ ၊ အလုပ်ရုံများတွင် အလုပ်မှ နှုတ်ထွက်သူ သုံးပုံတပုံခန့်အထိ ရှိနေပြီး နောက်ပိုင်းတွင် စက်ရုံ ၊ အလုပ်ရုံများတွင် ကြီးကြီးမားမား ရိုက်ခတ်မှုတခု ဖြစ်ပေါ်လာနိုင်သည်ဟု ပြည်တွင်းအခြေစိုက် အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူတဦးက ဆိုသည်။

“အထည်ချုပ်က လူတွေထွက်သွားလို့ လိုင်းချိန်းတဲ့ပြဿနာတွေ စကြားလာရတယ်။ တချို့က လိုင်းတလိုင်းလုံး ထွက်သွားကြတယ်။ မထွက်တဲ့စက်ရုံက မရှိသလောက်ပဲ”ဟု ၎င်းကပြောသည်။

အလုပ်ထွက်သွားသည့် ရွေ့ပြောင်းလုပ်သားများတွင် နေရပ်ပြန်ကြသူများနှင့် ရရာနည်းလမ်းများဖြင့် ပြည်ပထွက်သူများလည်း ရှိနေသည်ဟု ၎င်းတို့အနေဖြင့် ကြားသိထားရကြောင်း ပြည်တွင်းအခြေစိုက် အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူတဦးက ဆက်ပြောသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ လူထုကြား ပြန့်နှံ့လာမှုနှင့်အတူ ပေါ်တာဆွဲခြင်း၊ လူပျောက်ခြင်း ၊ တို့ဆေး စသည့် သတင်းများသည်လည်း လူမှုကွန်ယက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အဆိုပါ သတင်းများကြောင့် ရန်ကုန်မြို့ရှိ သင်တန်းကျောင်းများတွင်လည်း သင်တန်းလာရောက်တက်ရောက်သူ နည်းပါးသွားသည်ဟု သိရသည်။

“စစ်တပ်ကပဲ ပေါ်တာလာဆွဲမလား။ တို့ဆေးနဲ့ပဲ အဖမ်းခံရမလားဆိုပြီး ကြောက်လို့ ညီမက သင်တန်းတောင် မသွားတော့ဘူး။ အစပိုင်းကတော့ သင်တန်းသွားသေးပေမယ့် သင်တန်းက လူတွေကလဲ အဲ့ဥပဒေထွက်ပြီး ပထမ တရက် နှစ်ရက်လောက်မှာ လူက နည်းနည်းလျော့သွားပြီးတော့ တဖြည်းဖြည်းလူကို မရှိတော့တာလေ ။အဲ့ဒါကြောင့် ညီမလဲ မသွားဖြစ်တော့ပဲ အိမ်မှာပဲ စာလုပ်တော့တယ်”ဟု ဂျပန်ဘာသာစကား သင်ယူနေသူ အမျိုးသမီးတဦးက ဆိုသည်။

ရန်ကုန်မြို့တွင်းရှိ ကုန်တိုက်တခုတွင် အလုပ်လုပ်နေသူ အမျိုးသမီးတဦးကလည်း အလုပ်သွားအလုပ်ပြန်ပင် ကြောက်ရွံ့နေရသည်ဟု ပြောသည်။

“အရင်ကဆိုရင် အလုပ်ပြန်ချိန် နောက်ကျရင်တောင် အသိတွေနဲ့တွေ့ မုန့်သွားစားတောင် လုပ်ဖြစ်သေးတယ်။ အခုတော့ အလုပ်သွားအလုပ်ပြန်တောင် ကြောက်နေရလို့ အလုပ်ချိန်ပဲ ကြည့်နေပြီး အလုပ်ချိန်ပြီးပြီ ဒေါင်ဆိုတာနဲ့ ချက်ချင်း ပြန်ဖို့ ထလုပ်တော့တာပဲ။ ဒီနိုင်ငံက တကယ်ကို မလုံခြုံတော့ဘူး အဲ့ဒါကြောင့် ကိုယ်တိုင်လဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်ပထွက်ချင်နေပြီ”ဟု ၎င်းကပြောသည်။

ထို့အပြင် လတ်တလောတွင် ရန်ကုန်၌ စစ်ကောင်စီက ဧည့်စာရင်း လိုက်လံစစ်ဆေးခြင်းများကို ခပ်စိတ်စိတ်လုပ်ဆောင်နေသည်ဟုလည်း တောင်ဒဂုံမြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

“ဒီဘက်မှာ ဧည့်စာရင်းတွေ အရမ်း(အရင်ကထက်)လိုက်စစ်နေတာ။ အခုဆိုရင် ရပ်ကွက်ရုံးတွေမှာ လူတွေစည်နေတာပဲ ဧည့်စာရင်းလာတိုင်ကြတာ။ မတိုင်လို့လဲ မရဘူးလေနော်။ ဧည့်စာရင်းတိုင်ထားရင်တောင်(ဧည့်စာရင်းစစ်ချိန်) မထင်ရင်မထင်သလို ရိုက်ကြနှက်ကြတာ။ မတိုင်ထားရင် သူတို့ဆီပါသွားပြီး နောက်နေ့ ဘာဖြစ်မလဲမသိနဲ့။ ပြီးတော့ အဲ့ကောင်တွေ(စစ်
ကောင်စီတပ်သားများ)လာရင် မူးရူးနေတာမို့ ကြောက်စရာကောင်းတယ်”ဟု တောင်ဒဂုံမြို့နယ်မှ ဒေသခံကပြောသည်။

စစ်ကောင်စီလက်အောက်ခံများသည် ဧည့်စာရင်းလာစစ်ချိန်တွင် ၎င်းတို့နှင့် မျက်လုံးချင်းဆုံသည့် အမျိုးသားများကို ပါးရိုက်သည်အထိ ရှိဖူးကြောင်းလည်း ၎င်းကပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတွင် အမျိုးသားအသက် ၁၈နှစ်ပြည့်ပြီး ၃၅နှစ် မကျော်သေးသူ၊ အမျိုးသမီး အသက် ၁၈ နှစ်ပြည့်ပြီး ၂၇နှစ် မကျော်သေးသူ ဖြစ်ရမည်ဖြစ်ကြောင်း ပါရှိသည့်အပြင် ကျွမ်းကျင်ပညာရှင်များ အနေဖြင့်လည်း အမျိုးသား အသက် ၁၈ နှစ်မှ ၄၅နှစ်အတွင်းနှင့် အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅နှစ် အထိ အားလုံးစစ်မှုထမ်းဆောင်ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

စာတည်း။ ။ ဖူသိမ်ကျ