မင်းတပ် နှင့် မတူပီ တွင် ကျွဲ၊နွား၊ နွားနောက်များ ခွာနာလျှာနာရောဂါ အဖြစ်များ၊ ကာကွယ်ဆေးထိုးနိုင်ရန် ဆေးဝါးအကူအညီလိုအပ်နေ

မင်းတပ် နှင့် မတူပီ တွင် ကျွဲ၊နွား၊ နွားနောက်များ ခွာနာလျှာနာရောဂါ အဖြစ်များ၊ ကာကွယ်ဆေးထိုးနိုင်ရန် ဆေးဝါးအကူအညီလိုအပ်နေ

ကိုခင်မောင် (မဇ္စျိမ)။ ။ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်များအတွင်း ကျွဲ၊နွား၊ နွားနောက်များတွင် ခွာနာလျှာနာ ရောဂါအဖြစ်များနေ၍ ကြိုတင်ကာကွယ်ဆေးထိုးနိုင်ရန် ဆေးဝါးအကူအညီလိုအပ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

မင်းတပ်နယ်တွင် ကျွဲ၊နွား၊ နွားနောက်များ၌ ခွာနာလျှာနာရောဂါ အောက်တိုဘာလဆန်းပိုင်းမှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ရောဂါကူးစက်နှုန်းမြန်ဆန်နေသောကြောင့် အကောင်ရေ ရာနှင့် ချီပြီး ကူးဆက်ထားကာ နွားနောက်ငါးကောင်ကျော် သေဆုံးပြီး ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“လောလောဆယ်ဖြစ်ပွားနေတာကတော့ မင်းတပ်နဲ့ မတူပီ မြို့နယ် နယ်စပ်က ကျေးရွာတွေမှာဖြစ်တာပါ။ ရောဂါစ ဖြစ်တာက ရက်၂၀လောက်ပဲရှိသေးတယ်။ အဲတာတောင်မှ နယ်စပ်က ကျေးရွာတွေမှာ ကျွဲ၊ နွားအကောင်ရေ ရာချီနဲ့ပြီး ကူးဆက်နေပြီ။ ကာကွယ်ဆေးကတော့ ကျေးရွာသုံးလေးရွာစာလောက်ရှိတယ်။ မြို့နယ်ပအဖက ရန်ပုံငွေစိုက်ထုတ်ပေးထားတာပါ။ လောလောဆယ်ကတော့ ကျွန်တော်တို့ ရသလောက်လေးနဲ့ ကာကွယ်ဆေးထိုးပေးထားပါတယ်ဗျ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူရေးနှင့်ကုသရေးဌာနမှ ဒေါက်တာ ဟုန်းမနားက မဇ္စျိမအားပြောသည်။

မင်းတပ်မြို့နယ်အတွင်း တိုက်နယ်၁၀၊ တိုက်နယ် ၁၃၊ တိုက်နယ် ၁၄တို့တွင် ရောဂါဖြစ်ပွားမှု အဓိက အဖြစ်များနေပြီး နွားနောက်အများစု မွေးမြူကြသော တိုက်နယ်များတွင် Foot Mouth Disease (ခွာနာလျှာနာ)ရောဂါအပြင် Anthrax (ဒေါင့်သန်း) ရောဂါလက္ခဏာများလည်းတွေ့ရှိသည်ဟု ၎င်းကပြောသည်။

အဆိုပါရောဂါများ ဆေးကုသမှုပေးရာတွင် အိမ်တွင်မွေးမြူထားသော ကျွဲ၊နွားများအား အိမ်တွင်အနီးကပ်ထားပြီး ပိုးမဝင်အောင် ထိန်းထားကာ ဆေးကုသနိုင်ပါက သေဆုံးမှုနည်းကြောင်း၊ အိမ်မွေးတိရိစ္ဆာန်မဟုတ်သော နွားနောက်သည် တောထဲတွင်သာ မွေးထားခြင်းဖြစ်သည့်အတွက် ဆေးကုသနိုင်ရန်အခက်အခဲရှိကြောင်းလည်း ဒေါက်တာ ဟုန်းမနားက ဆိုသည်။

နွားနောက်နှင့် ကျွဲ၊ နွားများတွင် အဆိုရောဂါများ ဖြစ်ပွားနေသည်ကို တွေ့ရှိပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူးရေးနှင့် ကုသရေးဌာနနှင့် ချိတ်ဆက်ပြီး ကာကွယ်ဆေးများ ထိုးကြရန် အောက်တိုဘာလ ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“နွားနောက်က မိသားစု ဝမ်းစာအတွက်ကော၊ သားသမီးတွေအတွက်ကော နွားနောက်ကိုပဲ အဓိက ထားရတယ်။ ကြိုတင်ပြီးမှ ကာကွယ်ဆေးက မလုပ်ပေးနိုင်ရင်း အကြီအကျယ် ဆုံးရှုံးနိုင်တယ်။ ဒီလုပ်ငန်းတွေ လုပ်ဖို့ အလှူရှင်နဲ့ ပံ့ပိုးမယ့်အဖွဲ့တွေလည်း အများကြီး လိုအပ်နေတယ်။ ကျနော်တို့ ပအဖက တတ်နိုင်သလောက်ပဲ လုပ်နိုင်တယ်။ တစ်မြို့နယ်လုံးကို လွှမ်းခြုံဖို့က ဘတ်ဂျတ်အများကြီး လိုအပ်နေတယ်”ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ ဒေါက်တာ ဟုန်းမနားက ပြောသည်။

Anthrax (ဒေါင့်သန်း) ရောဂါသည် တိရိစ္ဆာန်များသာမက လူကိုပင်ကူးစက်နိုင်သည့် ရောဂါဖြစ်သောကြောင့် လတ်တလောတွင် နွားနောက်များ၊ ကျွဲနွားများမှထွက်ရှိသော အသားများအား မစားကြရန်လည်း ဒေသခံများအား ညွှန်ကြားထားသည်ဟု ဒေါက်တာ ဟုန်းမနားက ပြောသည်။

အဆိုပါ ခွာနာလျှာနာ ရောဂါနှင့် ဒေါင့်သန်းရောဂါကို စနစ်တကျ ကျန်းမာရေးကုသမှုလုပ်နိုင်လျှင် အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မထိန်းချုပ်နိုင်ပါက နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်များသို့ ကူးဆက်သွားနိုင်ကြောင်း ဒေါက်တာ ဟုန်းမနားက သုံးသပ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး