စတော့စျေးကွက်တွင် ဒေါ်လာ ၇ ထရီလီယံ ဆုံးရှုံးမှုကို ဖုံးကွယ်ရန် တရုတ်ကြိုးစား

The HK post. 

သမိုင်းတွင် နိုင်ငံသားများအား နိုင်ငံရေးလွတ်လပ်ခွင့် ကန့်သတ်သည့် အုပ်ချုပ်မှုပုံစံ သို့မဟုတ် ဘုရင်စနစ်၊ သက်ဦးဆံပိုင်စနစ် ကျင့်သုံး၍ ဆင်းရဲမွဲတေမှုကို ဖယ်ရှားနိုင်သည့် နိုင်ငံအများအပြား ရှိခဲ့သည်။ သို့သော် နိုင်ငံရေးလွတ်လပ်ခွင့် အာမခံချက်မရှိဘဲ ကာလရှည်ကြာ နိုင်ငံ သာယာဝပြောမှုကို ထိန်းထားနိုင်သည့် နိုင်ငံဟူသည် မရှိပါ။ တရုတ်က ယင်း စည်းမျဉ်းကို ငြင်းဆိုရန် ကြိုးစားနေသည်။ ထို့အတွက် သမိုင်း က သင်ခန်းစာပေးပေလိမ့်မည်။

အနောက်နိုင်ငံများသည် ၁၉၃၀ နှင့် ၁၉၄၀ နှစ်များတွင် နိုင်ငံသားများအား တန်းတူညီမျှ မဲပေးနိုင်သည့် အခွင့်အရေးပေးခဲ့ပြီး ယနေ့အထိ ဘင်္ဂလားဒေ့ရှ် တွင် (တဦးချင်းဝင်ငွေ ဒေါ်လာ ၂၆၀၀) ခန့်သာ ရသည်အထိ ဆင်းရဲမွဲတေမှု ရှိနေဆဲ ဖြစ်သည်။ အမေရိကန် တွင် ရာစုနှစ်တခုအတွင်း လူမှုလွတ်လပ်ခွင့်နှင့် တန်းတူညီမျှမှုကို အဆင့်လိုက် တည်ဆောက်ခဲ့သည်။ ၁၉၆၀ ခုနှစ်များတွင် ၎င်းတို့၏ လူတစ်ဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) သည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၄၀၀၀ သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီသည် ယင်းနိုင်ငံများ၏ တိုးတက်မှုအရှိန်အဟုန်ကို အစွမ်းကုန် မြှင့်တင်ရန် ကူညီပေးခဲ့ခြင်းမှာ အံ့သြဖွယ်ဖြစ်သည်။ ဥရောပသမဂ္ဂနိုင်ငံများ၏ ပျမ်းမျှဝင်ငွေသည် ၁၉၇၀ ခုနှစ်တွင် ဒေါ်လာ ၁၈၀၀ မှ ဒေါ်လာ ၃၇၀၀၀ ကျော်အထိ တိုးလာသည်။ ယနေ့ အမေရိကန်သည် တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၇၆၀၀၀ ဖြင့် အချမ်းသာဆုံးနိုင်ငံသာမက ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး နိုင်ငံလည်းဖြစ်သည်။

အခြားတဘက်တွင် နိုင်ငံအချို့သည့် နိုင်ငံရေးလွတ်လပ်ခွင့်ကို စွန့်လွှတ်ခဲ့ကြ၍ အချိန်တိုအတွင်း အလွန်လျင်မြန်စွာ အင်အားကြီးမားလာသော်လည်း နောက်ဆုံးတွင် ပြိုကွဲသွားကြသည်။ ဆိုဗီယက်ရုရှား သည် ယင်းသို့သော နိုင်ငံအမျိုးအစား ဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၉၂ တွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရသည်။ အဆိုပါ သင်ခန်းစာများသည် ရေနံနှင့် အလျင်အမြန် ချမ်းသာကြွယ်ဝလာခဲ့ကြသော သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့် အနောက်အာရှနိုင်ငံများသို့ ရောက်ရှိသွားခဲ့သည်။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်သော ဆော်ဒီအာရေဗျ ကဲ့သို့သော နိုင်ငံအချို့သည် လူမှုရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာကြသည်။ အီရတ်ရှိ ဆက်ဒမ်ဟူစိန်၏ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ် ကို လိုက်နာကျင့်သုံးမှုများ ပျောက်ကွယ်သွားခဲ့သည်။

တရုတ်သည် ယင်းကဲ့သို့ အလျှင်အမြန်တိုးတက်လာသော နိုင်ငံ တခု ဖြစ်သည်။ ၁၉၇၈ တွင် တိန့်ရှောင်ဖိန် သည်  နိုင်ငံကို တံခါးဖွင့် ပေးခဲ့သည်။ ၂၀၀၂ တွင် တရုတ်၏ လူတစ်ဦးချင်း GDP သည် ၁၁၄၈ ဒေါ်လာမျှသာရှိရာမှ ရှီကျင့်ဖျင် အစိုးရလက်ထက်တွင် နိုင်ငံသား လွတ်လပ်ခွင့်များ ဖြတ်တောက်လိုက်ပြီးနောက် ၂၀၁၂ တွင် ဒေါ်လာ ၆၃၀၀ အထိ တက်လာခဲ့သည်။ တိန့်ရှောင်ဖိန် သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ခဲ့ပြီး တံခါးဖွင့်စီးပွားရေး ကို စတင်ပေးခဲ့သည်။  သို့သော် တရုတ်ကွန်မြူနစ်ပါတီ (CCP) က အာဏာရှင်စနစ်ကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ပြီး မော်စီတုံး၏ ဖိနှိပ်အုပ်ချုပ်မှုပုံစံဖြင့် တိုင်းပြည်ကို ဦးဆောင်မည့် ရှီကျင့်ဖျင်ကို ရွေးချယ်ခဲ့သည်။

ရှီသည် နိုင်ငံရှိ တစ်ဦးချင်း GDP ကို ဒေါ်လာ ၁၃၀၀၀ သို့ နှစ်ဆတိုးစေခဲ့သည်။ စီးပွားရေး အရွယ်အစားနှင့် ၎င်း၏ လူဦးရေကို နှိုင်းဆလျှင် ကမ္ဘာ့သမိုင်းတွင် အထွတ်အထိပ် နိုင်ငံတနိုင်ငံ ဖြစ်လာသည်။ အာဏာရှင်စနစ်ဖြင့် ဦးဆောင်နေသည့် မည်သည့်နိုင်ငံမှ ယင်းဝင်ငွေအဆင့်သို့ ရောက်ရှိခဲ့ခြင်း မရှိပါ။ သို့သော် ရေရှည်တည်တံ့မှုနှင့် ပတ်သက်၍ လေးလေးနက်နက် သံသယဖြစ်ဖွယ် ဖြစ်လာသည်။

တရုတ်သည် မကြာသေးမီ ကာလအတွင်း စီးပွားရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရပြီး မပြီးဆုံးနိုင်သော နောက်ဆက်တွဲ အဖြစ်အပျက်များမှာ အဖြေတခု ဖြစ်လာသည်။ တရုတ် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ပြိုကျ ပျက်စီးမှုသည် နိုင်ငံ GDP ၏ ၄ ပုံ ၁ ပုံကို အန္တရာယ်ဖြစ်စေသည်။ ချေးငွေများ လွယ်လွယ်ကူကူ ထုတ်ချေးခြင်း က ပြဿနာ ကိုဖန်တီးခဲ့ခြင်းဖြစ်သည်။ ငွေချေးသူများသည် ဒေါ်လာ ၁၃ ထရီလီယံ ခန့်ကို ပြန်လည် ပေးဆပ်ရန် အခက်အခဲ ဖြစ်ခဲ့ကြသည်။ ပြည်တွင်း အဖွဲ့အစည်း အချို့ ဒေဝါလီ ခံကြရသည်။ ဘဏ်များလည်း ထိခိုက်လာသည်။ ပြည်တွင်းစုဆောင်းငွေ ၏ ၇၀ % နီးပါးတွင် အန္တရာယ် ရှိလာသည်။ တရုတ်ပြည်သူများ က စားသုံးမှုစရိတ်များ လျှော့ချကြ၍ ကုန်ထုတ်လုပ်မှု ထိခိုက်လာသည်။ ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း စတော့စျေးကွက် ပျက်စီးသွားခဲ့ပြီး ကမ္ဘာတဝှမ်းရှိ ရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်သော ဒေါ်လာ ၇ ထရီလီယံ ပမာဏ အထိ ဆုံးရှုံးမှုများ ရှိလာသည်။

တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံကို အတုအယောင် ဖွံ့ဖြိုးတိုးတက်မှုများဖြင့် တည်ဆောက်ခဲ့သည်မှာ သိသာထင်ရှားသည်။ ၎င်း ၏ မူဝါဒများသည် ၂၀၀၈ ခုနှစ် တွင် အမေရိကန် ဘဏ္ဍာရေး ကျဆုံးခဲ့သည် အခြေအနေမျိုးနှင့် ဆင်တူနေပြီး ယင်း ထက် ပိုဆိုးဖွယ် ရှိသည်။ တရုတ်သည် ၎င်း ၏ ကိုယ်ပိုင် စီးပွားရေး ကိုသာမက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေသည်။ Wall Street မှ ရင်းနှီးမြှုပ်နှံသူများသည် တရုတ်စတော့ရှယ်ယာများတွင် ယမန်နှစ်ကထက် ထရီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ယခုအခါ ၎င်းတို့သည် အိန္ဒိယနှင့် အခြား အာရှဈေးကွက်များသို့ ဦးလှည့်သွားကြသည်။ တရုတ်သို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှု နည်းပါးလာပြီး အလုပ်အကိုင် အလားအလာများ ထိခိုက်လာသည်။

ဒီမိုကရေစီနိုင်ငံများတွင် ယင်းသို့သော စီးပွားရေးကပ်ဘေးတခုသည် နိုင်ငံသားများ ကို အုံကြွစေပြီး အစိုးရများ အား လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်တွန်းပို့ပေးမည် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများသည် ဆုံးဖြတ်ချက်ချရာတွင် နိုင်ငံသားများ၏ ပူးပေါင်းပါဝင်မှုနှင့် ပြည်သူများအပေါ် အစိုးရများ၏ တာဝန်ခံမှုကို ဖော်ပြနေသောကြောင့်ဖြစ်သည်။ ၎င်းမှာ ဒီမိုကရေစီ၏ အင်အားဖြစ်သည်။ တရုတ် တွင် ယင်းကဲ့သို့ မဟုတ်ပေ။ နိုင်ငံ စီးပွားရေးကို ပြစ်တင်ဝေဖန်သည့် နိုင်ငံသားများကို နှိမ်နင်းရန် လုံခြုံရေး ဝန်ကြီးဌာနက ဇန်နဝါရီတွင် ကြေညာချက်ထုတ်ခဲ့သည်။ “စီးပွားရေးဝါဒဖြန့်မှု နှင့် လူထုအမြင်လမ်းညွှန်မှု အားကောင်းစေရေး” ကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ် ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီ က ကြေငြာခဲ့သည်။ ပြဿနာသည် ‘ဝါဒဖြန့်ခြင်း’ တွင် သာ မဟုတ်ဘဲ ကျယ်ကျယ်လောင်လောင်ထုတ်ဖော်ရမည် ဖြစ်ကြောင်း Forbes[i] က ဖေဖော်ဝါရီ ၉ တွင် ဖော်ပြခဲ့သည်။

အဆိုပါကြေညာချက်သည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ Citigroup သည် ၎င်း ၏ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများအား ယွမ်ငွေ နှင့် ငွေကြေး၏ စိုးရိမ်ဖွယ် အခြေအနေများကို ထုတ်ဖော်မပြောကြားရန် တွန်းအားပေးခဲ့ကြောင်း Bloomberg  က ဖော်ပြသည်။ ဟောင်ကောင်တွင် နှိမ်နှင်းမှု များ နှင့် ပတ်သက်သည့် ပုဒ်မ ၂၃ ပါ ဝေဖန်မှု နယ်ပယ် ကန့်သတ်ချက် အားလုံးကို ဖြုတ်ခဲ့သည်။ ၎င်းသည် အိမ်ခြံမြေကဏ္ဍတွင် ဖြစ်နိုင်ချေရှိသော ပြဿနာများ သို့မဟုတ် စားသုံးသူ ယုံကြည်မှု ပျက်ပြားစေသည့် သတင်းအချက်အလက်များ ကို နိုင်ငံခြားသတင်းဌာနများ၏ သတင်း‌ထောက်များထံသို့ ဝေဖန် ထုတ်ဖော်သည့် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းမှ မည်သူ့ကိုမဆို ထောင်ချနိုင်သည်။

အချုပ်ဆိုရလျှင် တရုတ်ကွန်မြူနစ်ပါတီ သည် ရှီ ၏ အယူဝါဒများမှ လွဲ၍ ၎င်း၏ စီးပွားရေးနှင့် ပတ်သက်သည့် အချက်အလက်စီးဆင်းမှုတိုင်းကို တားဆီးလိုသည်။ “ခေတ်မီစီးပွားရေးသည် ယက်းသို့သော အခြေအနေထိန်းချုပ်မှုမျိုးဖြင့် လည်ပတ်နိုင်ပါသလား။ တရုတ်ကွန်မြူနစ်ပါတီ၏ စကားလုံးများကို အမှန်တရားများဟု နိုင်ငံတကာက အဘယ်ကြောင့် ယုံကြည်သင့်ပါသနည်း။ ယခုအခြေအနေမျိုးတွင် စီးပွားရေး ကဏ္ဍ ၌ ကြီးကြီးမားမား ဖြစ်ထွန်းမှုများ ရှိနိုင်ပါသလား။” အဆိုပါ မေးခွန်းများအတွက် အဖြေ ရှိပြီးသား ဖြစ်သည်။ တရုတ်သည် ဒီမိုကရေစီကို လေးစားလိုက်နာရန် မသင်ယူပါက မကြာမီ ပြိုလဲပျက်စီးသွားပေမည်။ အာဏာရှင်စနစ်သည် ကာလရှည်ကြာသော အတိတ်တွင်သာ ကျန်ခဲ့ပြီ ဖြစ်သည်။