တရုတ်ရင်းနှီးမြုပ်နှံသူများ ပြည်ပရန်ပုံငွေများ ရှာဖွေ

The Express Tribune

မည်သို့သော ကြွေးမြီပျက်ကွက်မှု ဖြစ်တန်ခြေ မှန်သမျှကို ရှောင်ရှားရန် တရုတ်ရင်းနှီးမြုပ်နှံသူများသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ CPEC အောက်ရှိ စွမ်းအင်စက်ရုံများ တည်ထောင်ရေးအတွက် ကျသင့်သော ကြွေးမြီအား အတိုးဆပ်နိုင်ရေး ပြည်ပဘဏ်အကောင့်များတွင် ပါကစ္စတန်က ထားရှိသည့် ရန်ပုံငွေကို လိုချင်လျက် ရှိနေသည်။

ပါကစ္စတန်အာဏာပိုင်များက အဆိုပါ တရုတ်ရင်းနှီးမြုပ်နှံသူများ၏ တောင်းဆိုချက်ကို လက်ခံခြင်း မရှိဘဲ အရင်းအမြစ် နည်းပါးသည့် ကာလမှာပင် တရုတ်စွမ်းအင်ကြွေးမြီ ပြန်လည်ဆပ်ချေမှု၌ နိုင်ငံအနေဖြင့် မည်သည့်အခါကမျှ ပျက်ကွက်သည့် သမိုင်းမရှိကြောင်း ကိုးကားပြောဆိုသည်။ ပါကစ္စတန်အနေဖြင့် တရုတ်အား မည်သို့သော ခွင့်ပြုချက်သစ် ပေးခြင်းမဆို၌ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ဖြစ်တန်ရာသော တုံ့ပြန်မှုများကိုလည်း သတိထားလျက် ရှိသည်။

ပါကစ္စတန်၌ လည်ပတ်နေသော တရုတ်ကုမ္ပဏီများအပေါ် တင်ရှိသည့် အစုပေါ်အမြတ် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ရှင်းလင်းရန် တရုတ်အာဏာပိုင်များက ပါကစ္စတန်ကို ဖိအားပေးလျက် ရှိကြောင်းလည်း ခိုင်လုံသည့် သတင်းရင်းမြစ်များက The Express Tribune သို့ ပြောသည်။

ယခု အငြင်းပွားနေသည့် စွမ်းအင်နှင့် ပတ်သက်သော အရေးကိစ္စရပ်များအပေါ် ပါကစ္စတန်၏ ရပ်တည်ချက်အား ခိုင်ခိုင်မာမာ ပုံဖော်ရန် ကက်ဘိနက်ဝန်ကြီးများနှင့် အဆင့်မြင့် အစိုးရအရာရှိများ တနင်္လာနေ့က စည်းဝေးခဲ့သည်။ IMF နှင့် လာတော့မည့် ဘဏ္ဍာရေး ကယ်တင်မှု စီမံကိန်းများနှင့် ပတ်သက်သော ဆွေးနွေးပွဲများ ရှိနေ၍ တရုတ်၏ မည်သို့သော တောင်းဆိုမှုကိုမဆို လက်သင့်ခံရန် သတိထားရမည်ဟု ဘဏ္ဍာရေးဝန်ကြီး မူဟာမတ်အူရန်ဇက်ဘ်က တိုက်တွန်းခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

လာမည့် သီတင်းပတ်၌ ပေကျင်းတွင် ပြုလုပ်မည်ဖြစ်သော စွမ်းအင်ဆိုင်ရာ ပူးတွဲလုပ်ငန်းအုပ်စု JWG ၏ စုရုံးမှုမတိုင်ခင် အကြိုအစည်းအဝေး၌ ပါကစ္စတန်နိုင်ငံတော်ဘဏ် အုပ်ချုပ်ရေးမှူး ဂျာမယ်လ်အာမတ်က ယခု စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ကာ ဖော်ပြခဲ့သည်။ ယခုလလယ်တွင် ပြုလုပ်ရန် ရှိသော စွမ်းအင်ဆိုင်ရာ JWG အစည်းအဝေး၌ ပါဝင်ရန် ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ပေကျင်းသို့ ထွက်ခွာမည် မျှော်လင့်ရသည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအတွင်း ကြွေးမြီ ၇၅ ရာခိုင်နှုန်းနှင့် ရှယ်ယာရင်းနှီးမြုပ်နှံမှု ၂၅ ရာခိုင်နှုန်းဖြင့် စွမ်းအင်စီမံကိန်းများကို ထူထောင်ထားသည်။ အဆိုပါ တရုတ်စွမ်းအင်စီမံကိန်းများ၏ ခန့််မှန်းတန်ဖိုးမှာ ဒေါ်လာ ၂၁ ဘီလီယံ နီးပါး ရှိပြီး စွမ်းအင်စီမံကိန်းများအတွက် တရုတ်ကြွေးမြီသည် စုစုပေါင်း ဒေါ်လာ ၁၆ ဘီလီယံဝန်းကျင် ရှိသည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် ကြွေးမြီနှင့် အစုပေါ်အမြတ်အတွက် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့် နှစ်စဉ်ပေးချေမှု လုပ်ဆောင်ရန် လိုအပ်နေသည်။

ပါကစ္စတန်က စွမ်းအင်နှင့် ဆက်စပ်သော ကြွေးမြီ ပေးဆပ်မှုအတွက် လိုအပ်မည်ဖြစ်သည့် ငွေကြေးပမာဏကို နိုင်ငံခြားဘဏ်အကောင့်များတွင် ရန်ပုံငွေအဖြစ် ထားရှိရန် တရုတ်ရင်းနှီးမြုပ်နှံသူများက ကြိုးစားလျက် ရှိနေကြောင်း အစည်းအဝေးတွင် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက တင်ပြခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။

ပါကစ္စတန်တွင် ဘဏ္ဍာရေးပြဿနာများကြောင့် တရုတ်ရင်းနှီးမြုပ်နှံသူများသည် ချေးငွေသစ် လက်ခံရရှိရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဗဟိုအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဘဏ်များ၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းရန် လက်ရှိတွင် ရင်းနှီးမြုပ်နှံသူများက ၎င်းတို့၏ ဝင်ငွေစီးကြောင်းအား ဖော်ပြရန်အတွက် ပြည်ပအကောင့်များ၌ ရန်ပုံငွေ ထားရှိနိုင်ရေး ကြိုးစားလာကြခြင်း ဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောသည်။

ယခု သတင်းအား ဖော်ပြချိန်အထိ ဗဟိုဘဏ်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းခဲ့သည်။