ထားဝယ်လူထု သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရခြင်း ၃ နှစ်မြောက် အထိမ်းအမှတ်ပြုလုပ်

DDMSC ၏ တော်လှန်ရေးလှုပ်ရှားမှုများအားတွေ့ရစဉ်

DDMSC ၏ တော်လှန်ရေးလှုပ်ရှားမှုများအားတွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ထားဝယ်လူထု သပိတ်စစ်ကြောင်းသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရသည့် ဝမ်းနည်းဖွယ် သုံးနှစ်မြောက် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်း၌ ပြုလုပ်ခဲ့ပြီး အမျိုးသမီးထုအပါဝင် ပြည်သူထောင်ချီ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချီတက်လမ်းလျှောက်လှုပ်ရှားမှုတွင် ကျေးရွာပေါင်းစုံက ဒေသခံ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့လို အမျိုးသမီးများပူးပေါင်းပါဝင်မှု အများဆုံးဖြစ်ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) အဖွဲ့ထံမှ သိရသည်။

“ဒီနေ့ လှုပ်ရှားမှုက လူထောင်ချီပူးပေါင်းပါဝင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လှုပ်ရှားမှု အနီးဝန်းကျင်ရှိ ငါးမိုင်ပတ်လည်မှာ လာရောက်စောင့်ကြည့်တာမျိုးရှိပေမယ့် တစုံတဦး ဖမ်းဆီးခံရတာမျိုးတော့ မရှိဘူး”ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တာဝန်ရှိသူ တဦးက ပြောသည်။

ယင်း လှုပ်ရှားမှုတွင် ‘လမ်းမထက်ကသွေးတွေ မခြောက်သရွေ့၊ လူထု တရပ်လုံး သွေးဆူကြဟေ့’ဆိုသည့် ခေါင်းစဥ်နှင့် လောင်းလုံးမြို့နယ်ထဲကနေ ဒေသခံပြည်သူလူထု ထောင်ချီပူးပေါင်းပါဝင်မှုနှင့်အတူ လေးမိုင်ခန့်ရှိ ခရီးကို လမ်းလျှောက်ချီတက်ခဲ့သည်။

ထိုနောက် လောင်းလုံးမြို့နယ်ထဲက အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်းတခုအတွင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထားဝယ်ခရိုင်လူထု သပိတ်တွင် ကျဆုံးသွားခဲ့ကြသည့် ဒီမိုကရေစီသူရဲကောင်း လေးဦးနှင့် အတူ ပြည်သူ့အာဇာနည်များကို လွမ်းသူ့ပန်းခွေချ ဂါဝရပြုခြင်း၊ ကော်မတီ၏ ထုတ်ပြန်ချက်အား ဖတ်ကြားခြင်း၊ တော်လှန်ရေးကဗျာများကို ရွတ်ဖတ်ပြီး လူစုခွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)