၄ ရက်ကြာ ပြင်းထန်ခဲ့သော တန့်ဆည်တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကြောင်း NUG ထုတ်ပြန်

MTO

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးသွားကြောင်း NUG အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တန့်ဆည်မြို့ပေါ် မှ ထွက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဝါးရငယ်ရွာ အနောက်ဘက်နှင့် ခရမ်းခြံရွာအနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကံထူးမကျေးရွာမှ ထွက်လာသည့် အင်အား ၅၀ ပါ စစ်ကြောင်းကိုလည်း ပဲခင်းကြီးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ နောက်ထပ်စစ်သား ခြောက်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက် ယင်းနေ့မှာပင် ရဲ၊ စစ်တပ်နှင့် ပျူစောထီး စုစုပေါင်း အင်အား ၃၀ ဖြင့် အထိုင်ချထားသည့် ကံထူးမ ကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မျာက ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဘက်က လေကြောင်း တိုက်ခိုက်မှု ၂၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တဦးက ပြောသည်။

“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်သွားလိုက် ကျတော်တို့ က ရှောင်လိုက်၊ ပြီးရင် ပြန်တိုက်လိုက်နဲ့ တိုက်ခိုက်ခဲ့ရတာ “ ဟု ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်များတွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် အင်အား ၈၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့က ဆက်ပြီးတိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ခုနစ်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။

လေးရက်ကြာ ပြင်းထန်ခဲ့သော နှစ်ဖက်တိုက်ပွဲများအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိ၊ မရှိကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထံမှ G-3 သေနတ် ငါးလက်၊ နာနတ်သီးဗုံး လေးလုံး၊ MA-15 ကျည် ၁,၆၃၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့် ငွေကျပ် ၃၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုကို အမှတ် (၁) ရွှေဘိုခရိုင်ကွပ်ကဲရေး ၊ ရွှေဘိုခရိုင်တပ်ရင်းများနှင့် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်