တရုတ်၏ ဆည်စီမံကိန်းကြောင့် တောင်အာရှတလွှား စီးပွားရေး စိုးရိမ်ပူပန်စရာ ဖြစ်

The Business Today

မကြာသေးခင်က ဖြစ်ရပ်များ၌ တရုတ်နိုင်ငံ၏ အလှမ်းကျယ်သော ရေစီမံခန့်ခွဲရေး စီမံကိန်းများကြောင့် တောင်အာရှဒေသများတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်စေပြီး အထူးသဖြင့် အိန္ဒိယတွင် Brahmaputra ဟု သိကြသော Yarlung Tsangpo မြစ်ပေါ်၌ အကြီးစား ဆည်တည်ဆောက်ရေးနှင့် ဆက်စပ်လျက် ရှိသည်။

တရုတ်၏ ထိုလုပ်ရပ်သည် အိန္ဒိယ၊ ဘူတန်၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကဲ့သို့ မြစ်အောက်ပိုင်း တိုင်းပြည်များ၏ ရေဖူလုံမှုအတွက် ဘေးရှိလာနိုင်ဖွယ်ရှိသည်ဟု ရှုမြင်ရသည်။ အဆိုပါ ဆည်ကြောင့် နီပေါ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကဲ့သို့ မြစ်အောက်ပိုင်း နိုင်ငံများ၏ စီးပွားရေး သက်ရောက်မှုများ ဖြစ်လာနိုင်သည်ဟု စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ သဘာဝအတိုင်း စီးဆင်းသည့် မြစ်ကို ရေလမ်းကြောင်း လွှဲခြင်းက အဆိုပါနိုင်ငံများ၏ စီးပွားရေးအပေါ် တော်တော်တန်တန် အမျှင်ပြတ်စေလိမ့်မည်ဟု ပညာရှင်များက သတိပေးသည်။

ဖော်ပြပါ ဆည် တည်ဆောက်မှုသည် နီပေါ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ စီးပွားရေးအတွက် အခရာ ကျသော စိုက်ပျိုးရေးလုပ်ဆောင်ချက်များ အမျှင်ပြတ်ခြင်းများ ဖြစ်ရန် ခြိမ်းခြောက်နေလျက် ရှိသည်။ ရေလမ်းကြောင်း ပြောင်းလဲခြင်းက ကောက်ပဲသီးနှံများအတွက် ဆည်ရေသွယ်နိုင်မှု ကျဆင်းခြင်းသို့ ဦးတည်စေမည်ဖြစ်ကာ ရလဒ်အားဖြင့် စိုက်ပျိုးရေး ထုတ်လုပ်မှုများ နည်းပါးခြင်းနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်မည် ဖြစ်သည်။

ထိုပြင် သောက်သုံးရေနှင့် စက်မှုလုပ်ငန်းအတွက် ရေရနိုင်မှုအပေါ် ယင်းဆည်ကြောင့် သက်ရောက်မှုသည် ရှိပြီးသား စီးပွားရေး အားနည်းသည့် နိုင်ငံများအတွက် နောက်ထပ် ပူပန်စရာပဲ ဖြစ်စေသည်။

တရုတ်၏ ဆည်စီမံကိန်းများကြောင့် ရလဒ်ထွက်ပေါ်သော ဖြစ်တန်ခြေရှိ စီးပွားရေး ဆုံးရှုံးမှုများသည် များများစားစား ဖြစ်တန်ရာသည်ဟု သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းများနှင့် စီးပွားရေး သုတေသီများ၏ ထုတ်ပြန်ချက်အရလည်း သိရသည်။ စိုက်ပျိုးရေးနှင့် အခြားသော ရေကို အမှီပြုနေရသည် နယ်ပယ်များမှ ပြည်သူ သန်းပေါင်းများစွာ၏ သက်မွေးဝမ်းကြောင်းအတွက်လည်း ဘေးအန္တရာယ်ရှိကာ ဒေသတွင်း ဆင်းရဲမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ တိုးစေလိမ့်မည် ဖြစ်သည်။

Yarlung Tsangpo မြစ်သည် ရေခဲများ အရည်ပျော်ခြင်းနှင့် တောင်ပေါ်စမ်းချောင်းများ စီးဝင်ရာ မြစ်ဖြစ်သည်။ ယင်း မြစ်သည် တရုတ်၊ အိန္ဒိယနှင့် ဘူတန်တို့မှ ပြည်သူပေါင်း ၁ ဒသမ ၈ ဘီလီယံခန့်အတွက် သောက်သုံးရေ ထောက်ပံ့ပေးနေသည့် မြစ်ပဲ ဖြစ်သည်။ တခုသော ကာလ၌ မြစ်ရေကျဆင်းမှုသည် ခန့်မှန်း ၂,၇၀၀ မီိတာ ရှိခဲ့ရာ အမေရိကန်ရှိ Grand Canyon ချောက်ထက် နှစ်ဆကျော် နက်ခဲ့သည်။

တိဘက်အနီးတွင် ရှိသော အဆိုပါ အငြင်းပွားဖွယ် ဆည်သည် ဒေသ၏ တည်ငြိမ်မှုကိုလည်း အမှန်ပဲ ခြိမ်းခြောက်လျက် ရှိသည်။ ပြည်တွင်း ရေလိုအပ်ချက် တိုးများလာခြင်းနှင့်အတူ မြစ်အထက်ပိုင်းနိုင်ငံအဖြစ်ကို အသာစီးယူထားသည့် တရုတ်၏ မဟာဗျူဟာမှာ အကြီးစားဆည်များ တည်ဆောက်ခြင်း၊ မြစ်လမ်းကြောင်း လွှဲခြင်းနှင့် မြစ်အောက်ပိုင်းနိုင်ငံများအတွက် ရေအရင်းအမြစ်ပေါ် သက်ရောက်မှု ရှိလာစေခြင်းသို့ ဦးတည်နေပေသည်။

(မိုးသဲ ဘာသာပြန်သည်။)