မြန်မာမှာ တရုတ်က နှစ်ဖက်စလုံးကို ကစားနေတာလား

A missile is fired from a military base in Lashio, Myanmar, on Oct. 28, 2023. STR/AFP via Getty Images

A missile is fired from a military base in Lashio, Myanmar, on Oct. 28, 2023. STR/AFP via Getty Images

Foreign Policy

စစ်ကောင်စီကိုဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်ကို ယခုသီတင်းပတ်တွင် သိမ်းပိုက်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြား ပါဝင်သော ညီနောင်မဟာမိတ် သုံးဖွဲ့ (Three Brotherhood Alliance) ဦးဆောင်သည့် အောက်တိုဘာလက စတင်ခဲ့သော ထိုးစစ်သည် ထူးထူးခြားခြား အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသည် စစ်အုပ်စုအား ယေဘုယျအားဖြင့် ထောက်ခံခဲ့သော်လည်း ယခုအခါ စစ်ကောင်စီနှင့် ဆွေးနွေးနေရင်း လက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခကို ရှောင်ရှားရန် နှစ်ဖက်စလုံးကို ကစားနေပုံပေါ်သည်။

ထိုအရွေ့တွင် အကြောင်းရင်းတခုမှာ ညီနောင်မဟာမိတ် သုံးဖွဲ့က ဆက်သွယ်ရေးဆိုင်ရာလိမ်လည်မှုလုပ်ငန်းများကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။ ပစ်မှတ်များနှင့်ဆက်ဆံရေးတည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများပေးကာ ငွေကြေးများခိုးယူသည့် လိမ်လည်မှုကဲ့သို့သောလုပ်ငန်းများအတွက် လောက်ကိုင်သည် အချက်အချာကျသောနေရာဖြစ်သည်။ ညီနောင်မဟာမိတ် သုံးဖွဲ့က ၎င်းတို့သည် ဆက်သွယ်ရေးဆိုင်ရာလိမ်လည်မှုနှင့် ဒုစရိုက်မြုံများကို ပစ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။

ဖြတ်လမ်းနည်းဖြင့်ချမ်းသာအောင်လုပ်ဆောင်သည့်လိမ်လည်မှုများ တည်ရှိနေသည်မှာ ရာစုနှစ်များစွာ ကြာပြီဖြစ်သော်လည်း ထိုသို့လိမ်လည်ရယူသည့်နည်းများသည် တချို့သောအကြောင်းပြချက်များကြောင့် မကြာသေးမီနှစ်များအတွင်း ထူးထူးခြားခြား အကျိုးအမြတ်များ ရရှိလာသည်။ ပထမအချက်အနေဖြင့် ခရစ်တိုငွေကြေးသည် ပိုမိုလွယ်ကူသော နယ်စပ်ဖြတ်ကျော် လွှဲပြောင်းမှုများ လုပ်ဆောင်နိုင်ကာ အသုံးပြုသူများလာသည်။ ဒုတိယအချက်မှာ လိမ်လည်လှည့်ဖြားသူများသည် တရုတ်နိုင်ငံအတွင်း ၎င်းတို့လုပ်ငန်းများကို ခြေဆန့်လာသည်။ ၂၀၁၀ ပြည့်နှစ်လွန်များတွင် တရုတ်နိုင်ငံ၌ အွန်လိုင်းလိမ်လည်မှုများ ပျံ့နှံ့လာခဲ့ပြီး ယခုအခါ ကမ္ဘာတဝန်းတွင် ဖြန့်ကြက်အသုံးပြုနေသည့် နည်းပညာများအတွက် စမ်းသပ်ကွင်းတစ်မျိုး ဖြစ်လာသည်။

နောက်ဆုံး ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုက ထိုအဖွဲ့များအား ပိုမိုလွတ်လပ်စွာ လည်ပတ်နိုင်အောင် ဖန်တီးပေးခဲ့သည့်အပြင် နယ်စပ်တလျှောက် ထိန်းချုပ်ရန်ကြိုးပမ်းကြသည့် ပြင်းထန်သော တိုက်ပွဲများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံမှ လိမ်လည်မှုလုပ်ဆောင်သည့် ဂိုဏ်းများသည် တရုတ်နိုင်ငံသားများကို လစာကောင်းကောင်းပေးကာ လုံခြုံရေးတင်းကျပ်သော ခြံဝန်းများတွင် အလုပ်ခိုင်းလျက် ဆိုက်ဘာကျွန်ပြုခဲ့ကြသည်။ တရုတ်နိုင်ငံသားများသည် တရုတ်နှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံး ကျွမ်းကျင်သဖြင့် ဒေသခံများထက် အလုပ်အကိုင်အခွင့်အလမ်းများသည်။ ညီနောင်မဟာမိတ် သုံးဖွဲ့၏ ထိုးစစ်ကြောင့် အတင်းအကျပ်အလုပ်စေခိုင်းခံရသူတချို့ လွတ်မြောက်ခဲ့သည်။

အဆိုပါ ဂိုဏ်းအများစုသည် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှဒေသ တရုတ်နယ်စပ်များတလျှောက်တွင် မူးယစ်ဆေးဝါး မှောင်ခိုမှုမှ လက်နက်မှောင်ခိုမှုအထိ ရာဇဝတ်မှုမြောက်သည့် လုပ်ငန်းများအတွက် ဗဟိုအချက်အချာဖြစ်ခဲ့ပြီး မကြာခဏဆိုသလို နယ်စပ်နှစ်ဖက်စလုံးရှိ စစ်တပ်များနှင့် ပူးပေါင်းကာ လိမ်လည်ကြသည်။ လိမ်လည်မှုများကို ထိန်းချုပ်ရန် ပျက်ကွက်သည့် မြန်မာအာဏာပိုင်များကို တရုတ်က ပိုမိုစိတ်ဆိုးလာသည်။

တရုတ်အာဏာပိုင်များသည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ထိုလုပ်ငန်းများကို ဖြိုခွင်းရန် အပြင်းအထန် တောင်းဆိုခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့သည်။ နေပြည်တော်ရှိ စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ တပ်ဖွဲ့များအား ထိန်းချုပ်မှု အားနည်းသလို လာဘ်လာဘအခွင့်ထူးများကိုလည်း ရရှိနေသောကြောင့် မစွန့်လွှတ်ချင်ကြပေ။ အကယ်၍ စစ်အုပ်ကိုဆန့်ကျင်သောလက်နက်ကိုင်တပ်ဖွဲ့များသည် ကုန်သွယ်ရေးအပေါ် တရုတ်လိုလားသည့် ထိန်းချုပ်မှုမျိုးကို ပေးစွမ်းနိုင်ပြီး တရုတ်နိုင်ငံသားများကို ထိခိုက်စေနိုင်သည့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုဖြစ်နိုင်ခြေကို လျှော့ချနိုင်လျင် တရုတ်က ထိုလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရန်အသင့်ရှိမည်ဖြစ်သည်။

အခြေအနေများကိုရှုပ်ထွေးစေသည့်အချက်တခုမှာ တရုတ်စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများအပေါ် တရုတ်အစိုးရ၏ နှိမ်နင်းမှုကြောင့်ဖြစ်ပြီး တရုတ်စစ်တပ်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းနှင့် တရုတ်ဧည့်သည်များ မကြာခဏလာရောက်လေ့ရှိသော နိုင်ငံအတွင်းရှိ ကာစီနိုလောင်းကစားရုံများကို အကာအကွယ်ပေးခြင်းအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းအချို့တွင် သမိုင်းကြောင်းအရ ကြံရာပါဖြစ်သည်။ တရုတ်စစ်တပ်အတွင်း ခြစားမှုအားရှင်းလင်းခြင်းသည် နယ်စပ်တွင် တည်ဆောက်ထားသော ဆက်ဆံရေးများစွာကို ထိခိုက်စေနိုင်သည်။

တရုတ်သည် မြန်မာစစ်အုပ်စုကို လုံးလုံးလျားလျား စွန့်ပစ်ရန် မဖြစ်နိုင်ပေ။ ရေရှည်၌ နိုင်ငံ၏ပြည်တွင်းစစ်တွင် ပြတ်ပြတ်သားသားအောင်နိုင်သူပေါ်လာပါက တရုတ်သည် ၎င်းနောက်သို့ အပြည့်အဝ ယိမ်းသွားနိုင်သည်။ သို့သော် တရုတ်သည် လက်ရှိအချိန်တွင် ၎င်းလိုလားသော တရုတ်နိုင်ငံသားများနှင့် တရုတ်စီးပွားများကို အကာအကွယ်ပေးရန် နှစ်ဖက်စလုံးနှင့် အဆက်အဆံဆက်ပြုလုပ်နိုင်ဖွယ်ရှိသည်။