ဝါရှင်တန်ရောက် ချင်းအမျိုးသားများက ဦးကျော်မိုးထွန်းကို သူရဲကောင်းအဖြစ်ဂုဏ်ပြု(ပုံသတင်း)

ဝါရှင်တန်ဒီစီတွင် (၇၆)ကြိမ်မြောက်ချင်းအမျိုးသားနေအခမ်းအနား မြင်ကွင်း/ဓာတ်ပုံ- CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရောက် ချင်းလူမျိုးများမှ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို သူရဲကောင်းအဖြစ်ဂုဏ်ပြုကာ ချင်းရိုးရာပစ္စည်းများအား ပေးအပ်ခဲ့ကြကြောင်း Chin Community of USA, Inc. – D.C Area အဖွဲ့ထံမှ သိရသည်။

ဦးကျော်မိုးထွန်းသည် မြန်မာပြည်သူ သန်း ၅၀ကိုယ်စား ကုလသမဂ္ဂတွင် စစ်ကောင်စီတပ် အာဏာသိမ်းမှုကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရှုတ်ချပြီး ပြည်သူ့ဘက်မှ မားမားမတ်မတ်ရပ်တည်လာခဲ့သည့် ပြည်သူ့ဘက်တော်သား သူရဲကောင်းကြီးဖြစ်သည့်အတွက် ၇၆ ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

“ချင်းမျိုးနွယ်အသီးသီးရဲ့ အင်မတန်မှ အမြတ်တနိုးထားတဲ့ ချင်းရိုးရာစောင်၊ တဘက်၊ လွယ်အိပ်၊ ကုတ်အကျီနဲ့ သူရဲကောင်းယောက်ျားကောင်းတွေကိုမှပေးတဲ့ ချင်းရိုးရာဓား၊ ပုလိုင်းတွေပေးကာ ဂုဏ်ပြုခဲ့တာပါ။” ဟု Chin Community of USA, Inc. – D.C Area အဖွဲ့တာဝန်ရှိသူက ဆိုသည်။

ချင်းအမျိုးသားနေ့သည် ဖေဖော်ဝါရီလ ၂၀ရက်နေ့ဖြစ်သော်လည်း ဝါရှင်တန်ရောက် ချင်းအမျိုးသားများအားလုံးတက်ရောက်နိုင်ရန်အတွက် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင်ကျင်းပခဲ့ကြပြီး အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဦးထိန်လင်းအောင်၊ ဦးဇော်မိုးဦးတို့လည်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါခမ်းအနားတွင် ချင်းမျိုးနွယ်စုအသီးသီးမှ ၎င်းတို့၏ ရိုးရာသီချင်းများ၊ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး လူဦးရေ ၃,၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း Chin Community of USA, Inc. – D.C Area အဖွဲ့ထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)