ATP နဲ့ ‘မဟာဗျူဟာမြောက်’ သဘောတူညီချက်ဖြင့် အမျိုးသားတင်းနစ်ပြိုင်ပွဲထဲ ဆော်ဒီရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့ ဝင်ရောက်

By PKThawn

ဆော်ဒီအာရေးဗီးယားရဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF)က အမျိုးသားတင်းနစ်အဖွဲ့ချုပ် ATP နဲ့ “နှစ်ရှည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု”တရပ်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီး နိုင်ငံတကာ အားကစားအပေါ် ဘုရင့်နိုင်ငံတော်ရဲ့ သြဇာလွှမ်းမိုးမှုကို တိုးချဲ့လိုက်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုဟာ “ကမ္ဘာလုံးဆိုင်ရာ တင်းနစ်အားကစားကို မြှင့်တင်ဖို့ အလွန်အရေးပါတဲ့ မျှဝေကတိကဝတ်တခုဖြစ်တယ်”လို့ နှစ်ဖက်အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂၀၂၁ ကတည်းက PIF ဟာ PGA ရဲ့ ပြိုင်ဘက် LIV golf tour ကို တည်ထောက်ခြင်းနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ယူနိုက်တက်ကို ဝယ်ယူခြင်းအပါအဝင် အဓိကအားကစားလုပ်ငန်းအများအပြားမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်က ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြမထားပါဘူး။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုဟာ ATP rankings ရဲ့ တရားဝင် အမှတ်တံဆိပ် (branding) မိတ်ဖက်အဖြစ် PIF ကို မြင့်တွေ့ရမှာပါ။

PIF ဟာ ၂၀၂၇ အထိ ဂျဒ်ဒါမြို့မှာ လက်ခံကျင်းပမယ့် Next Gen ATP Finals အပြင် Indian Wells၊ Miami၊ Madrid၊ Beijing တို့မှာ ATP Tour ပွဲစဉ်တွေနဲ့အတူ မိတ်ဖက်လည်းဖြစ်ပါလိမ့်မယ်။

“PIF နဲ့ ကျနော်တို့ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုက တင်းနစ်အတွက် အရေးပါတဲ့ အခိုက်အတန့်ပါပဲ”လို့ ATP အမှုဆောင်အရာရှိချုပ် မာစီမိုကယ်ဗယ်လီက ပူးတွဲထုတ်ပြန်ချက်မှာ ပြောပါတယ်။

“အားကစားလောကရဲ့ အနာဂတ်ကို တွန်းပို့ပေးဖို့ မျှဝေထားတဲ့ ကတိကဝတ်တခုဖြစ်တယ်။ PIF ရဲ့ မျိုးဆက်သစ်တွေထံ အပ်နှံမှု၊ ဆန်းသစ်တီထွင်မှုနဲ့ အားလုံးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းဖြင့် အသွင်ပြောင်းတဲ့ တိုးတက်မှုကာလသစ်တခုအတွက် အခြေအနေတွေကို ဖော်ဆောင်ထားပါတယ်။”

ဘုရင့်နိုင်ငံဟာ နိုဗက် ဂျိုကိုဗစ်နဲ့ ကားလို့စ် အယ်လ်ကာရာ့ဇ်၊ အာရီနာ ဆာဘာလန်ကာနဲ့ အွန်စ်ဂျာဘယ်တို့ ယှဉ်ပြိုင်တဲ့ သရုပ်ပြပွဲတွေနဲ့အတူ ၎င်းရဲ့ပထမဆုံး ATP Tour ပွဲဖြစ်တဲ့ Next Gen ATP Finals ပြိုင်ပွဲကို ပြီးခဲ့တဲ့နှစ်က ဂျဒ်ဒါမှာ ကျင်းပခဲ့ပါတယ်။

Ref; AFP