အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းသည့် တရုတ်နိုင်ငံသားဦးရေမြင့်တက်ခြင်း၏ အကြောင်းရင်းများ

Afghan Diaspora Network
By Lucas Smith

ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန်နိုင်ငံတွင်းသို့ တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းနေထိုင်မှုက သိသိသာသာ တရှိန်ထိုး မြင့်တက်ခဲ့ပြီး အထူးသဖြင့် တရားမဝင် လမ်းကြောင်းများမှတဆင့် တောင်ပိုင်းနယ်စပ်ကို ဖြတ်ကာ ရောက်ရှိကြခြင်း ဖြစ်သည်။ ယခုဆောင်းပါးသည် အဆိုပါ ဖြစ်စဉ်၏ နောက်ကွယ်ရှိ အကြောင်းရင်းများ၊ ယင်း၏ သက်ရောက်ဂယက်ရိုက်ခတ်မှုများနှင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း တွေ့ရှိထားခဲ့သည့် ရုတ်တရက် တိုးပွားမှုများကို အကဲဖြတ်သုံးသပ်ရန် ရည်ရွယ်သည်။

ရွှေ့ပြောင်းနေထိုင်မှု ဒေတာအချက်အလက်များက ယခုကိစ္စ၏ ကြီးလေးမှုပမာဏကို ညွှန်ပြနေသည်။ ၂၀၂၁ ခုနှစ်က အမေရိကန် တောင်ပိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ရင်း ထိန်းသိမ်းခံရသည့် တရုတ်နိုင်ငံသားဦးရေက ၄၅၀ ဦးမျှသာ ရှိခဲ့သည်။ သို့သော် ထိုကိန်းဂဏန်းက ၂၀၂၂ တွင် ၂,၀၀၀ ကျော်နှင့် ၂၀၂၃ တွင် ၃၇,၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ကင်းလှည့်မှုဌာနအရ သိရသည်။ တနိုင်ငံလုံးအတိုင်းအတာ တွေ့ရှိသည့် တရုတ် ရွှေ့ပြောင်းနေထိုင်သူဦးရေသည် ပြီးခဲ့သည့် နှစ်များအတွင်း သိသိသာသာ ထိုးတက်ခဲ့ပြီး ၂၀၂၃ တွင် ၅၂,၇၀၀ ဦးအထိ ရှိခဲ့ကာ ယင်းသည် ထိုမတိုင်မီ အစောပိုင်းနှစ်ကထက် နှစ်ဆနီးပါး မြင့်တက်ခြင်းဖြစ်သည်။ ၂၀၂၄ တွင် ယခု ကိန်းဂဏန်းကို လာမည့် လအနည်းငယ်အတွင်း ဖြတ်ကျော်လိမ့်မည် ဖြစ်ရာ ကိစ္စရပ်၏ စိုးရိမ်ဖွယ်ရာ သဘောသဘာဝကို ပြသနေသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူအားလုံးသည် တရုတ်တွင် ဖိစီးနှိပ်စက်ခံရသည်ဟု ပြောဆိုရင်း အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားကြသည်။

အမေရိကန်နိုင်ငံထဲသို့ တရုတ်ရွှေ့ပြောင်းနေထိုင်သူများ စုပြုံရောက်ရှိမှုက ယင်း၏ ပမာဏအရဖြင့်သာမက၊ သမိုင်းဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု လားရာများနှင့် ဆန့်ကျင်ကွဲလွဲနေမှုတို့ကြောင့် သတိပြုဖွယ်ရာ ရှိနေသည်။ အမေရိကန်သို့ တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းရောက်ရှိနေထိုင်မှုက ရှည်လျား၊ ရှုပ်ထွေးသော သမိုင်းကြောင်းတခု ရှိသော်လည်း လက်ရှိ စီးဝင်မှုလှိုင်းက ကွဲပြားခြားနားနေသည်။ ၁၉ ရာစုနှစ်၏ အလုပ်ကြမ်းသမားများ သို့မဟုတ် နောက်ပိုင်း ဆယ်စုနှစ်များ၏ ကျွမ်းကျင် ပရော်ဖက်ရှင်နယ်များ နှင့်မတူဘဲ ယနေ့ကာလ ရွှေ့ပြောင်းနေထိုင်သူများသည် အများအားဖြင့် လူလတ်တန်းစားမှ လာခြင်းဖြစ်ပြီး ယင်းအ‌ပေါ်တွင် ယနေ့လက်ရှိကာလ တရုတ်နိုင်ငံ၌ ဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အကြောင်းရင်းများက စေ့ဆော်တွန်းပို့သည်။

မကြာသေးခင်က တရုတ်ရွှေ့ပြောင်းနေထိုင်မှုကို နောက်ကွယ်မှ တွန်းပို့နေသည့် အကြောင်းရင်းများ

တရုတ်တွင် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းက ရွှေ့ပြောင်းနေထိုင်မှုအတွက် အဓိက တွန်းအားပေးသည့် အချက်ဖြစ်သည်။ တရုတ်တွင် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးခြင်းနှင့် အိမ်ခြံမြေ ကဲ့သို့ လုပ်ငန်းများတွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အရွေ့အပြောင်းများ အပါအဝင် စီးပွားရေး စိန်ခေါ်မှုများနှင့် နပန်းလုံးနေရစဉ် နိုင်ငံသားများသည် ပြည်ပ နိုင်ငံရပ်ခြားရှိ အခွင့်အလမ်းများကို ရှာဖွေလာကြသည်။ ရွှေ့ပြောင်း အများအပြား ကြုံတွေ့ခဲ့ရသည့်အတိုင်း တရုတ်၏ အိမ်ခြံမြေကဏ္ဍ ပြိုလဲကျခြင်းက သက်လတ်ပိုင်းအရွယ် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်အတတ်ပညာရှင်များ အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံစေရန် တွန်းပို့ခဲ့ပြီး ၎င်းတို့သည် အမေရိကန်တွင် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့နိုင်ရန် ပိုကောင်းသည့် အလားအလာများ ရှိမည်ဟု မျှော်လင့်ကြသည်။

စီးပွားရေး အကြောင်းရင်းများအပြင် လူမှုဆိုင်ရာနှင့် နိုင်ငံရေး အကြောင်းရင်းများကလည်း အရေးပါသည့် ကဏ္ဍ မှ ပါဝင်နေသည်။ တရုတ်အစိုးရ၏ မူဝါဒများအပေါ် ကျေနပ်မှု မရှိခြင်း၊ လွတ်လပ်ခွင့်များအပေါ် ပိတ်ပင်ကန့်သတ်မှုများ ရှိခြင်း၊ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်တွင် အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိခြင်းတို့ကြောင့်လည်း တရုတ်နိုင်ငံသားအများအပြားကို တရားမဝင် ရွှေ့ပြောင်းသွားလာစေရန် သို့မဟုတ် ခိုလှုံခွင့်တောင်းခံစေရန် တွန်းပို့ခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ တချို့ ပြောဆိုသကဲ့သို့ပင် ဘာသာရေး လွတ်လပ်ခွင့် ရလိုသည့် ဆန္ဒကလည်း တရုတ်နိုင်ငံရှိ နိုင်ငံရေး အခြေအနေအပေါ် ကျေနပ်အားရမှု မရှိသည့် အချက်ကို ထင်ဟပ်နေသည်။

COVID-19 ကပ်ရောဂါကလည်း တရားဝင် လူဝင်မှု လုပ်ငန်းစဉ်များရှိ ရှိရင်းစွဲ စိန်ခေါ်မှုများကို ပိုဆိုးစေသည်။ ခရီးသွားလာမှုအပေါ် ကန့်သတ်မှုများနှင့် ပတ်သက်သော မသေချာမရေရာမှုများနှင့်အတူ ဗီဇာ လုပ်ငန်းစဉ်တွင် အချိန်ကြာရှည်စွာ နှောင့်နှေးကြန့်ကြာမှုများကြောင့်လည်း ရွှေ့ပြောင်းနေထိုင်သူများအတွက် တရားမဝင်သော နည်းလမ်းများဖြင့် ဝင်ရောက်ခြင်းကို အားကိုးစေရန် တွန်းပို့သည်။ ဆိုရှယ်မီဒီယာဖြင့် ပံ့ပိုးပြီး ကောင်းစွာ စီစဉ်ထားသည့် မြေအောက်ကွန်ရက်ဖြင့် ဆွဲဆောင်မှုက တရားဝင် လူဝင်မှုဆိုင်ရာ ဗျူရိုကရက်တစ် အခက်အခဲများကို ကိုင်တွယ်ကျော်လွှားနိုင်ခြင်း မရှိသူများအတွက် အခြားရွေးစရာ လမ်းကြောင်းတခုကို ပံ့ပိုးပေးသည်။

အမေရိကန်နှင့် တရုတ်အကြား ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုကလည်း ရွှေ့ပြောင်းနေထိုင်မှုတို့အပေါ် ခက်ခဲရှုပ်ထွေးမှုဖြင့် ထပ်လောင်းပေးသည်။ နှစ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေသည် ဖြစ်ရာ အမေရိကန်နိုင်ငံထဲသို့ တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းဝင်ရောက်မှုက မဟာဗျူဟာ အရေးပါမှု သဘောဆောင်နေသည်။ တရုတ်အစိုးရ၏ ခိုးကြောင် ခိုးဝှက် လှုပ်ရှားဆောင်ရွက်မှုများ သို့မဟုတ် ဖြစ်နိုင်ခြေရှိ သူလျှိုထောက်လှမ်းမှု လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် ထင်ကြေးပေးမှန်းဆချက်များက အမျိုးသား လုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်စေပြီး အမေရိကန်အာဏာပိုင်များဘက်မှ စစ်ဆေးတင်းကြပ် တုံ့ပြန်မှုများကို တိုးမြင့်လုပ်ဆောင်ထားခဲ့ရသည်။ ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း၊ တရုတ်၏ ချဲ့ထွင်နေသော ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုနှင့် အလွန်အရေးပါသည့် ကဏ္ဍများရှိ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကလည်း တင်းမာမှုများကို ထပ်မံ၍ ပိုဆိုးစေသလို မဟာဗျူဟာ စိန်ခေါ်မှုတရပ်အဖြစ် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမြင်များကို ပုံဖော်စေသည်။

ရွှေ့ပြောင်းနေထိုင်မှု၏ လမ်းကြောင်းများ

အမေရိကန်နိုင်ငံတွင်းသို့ တရုတ်နိုင်ငံသား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ ခရီးလမ်းတွင် အမျိုးမျိုးကွဲပြားသော လမ်းကြောင်းများ လွှမ်းခြုံပါဝင်နေပြီး ၎င်းတို့၏ ရွှေ့ပြောင်းနေထိုင်မှုကို တွန်းပို့နေသော ရှုပ်ထွေးသည့် အရွေ့များကို ထင်ဟပ်နေသည်။ အဓိကလမ်းကြောင်းများအနက် တခုအဖြစ် ဗဟိုအမေရိကမှ ဖြတ်သည့် အန္တရာယ်များသော လမ်းကြောင်းခရီးစဉ်တခု ပါဝင်ပြီး ယင်းတွင် ယေဘုယျအားဖြင့် အီကွေဒေါ သို့မဟုတ် ပနားမားကဲ့သို့ နိုင်ငံများတွင် ခရီးစတင်သည်။ အီကွေဒေါသည် တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ရှိသည့်အတွက် ယင်းနိုင်ငံသည် ပေါ်ပြူလာ လမ်းကြောင်းတခုဖြစ်သည်။ အီကွေဒေါမှတဆင့် ရွှေ့ပြောင်းများသည် ဒေသအခေါ် “မြွေခေါင်းများ” ဟု ခေါ်သည့် မှောင်ခိုသမားများ၏ အကူအညီနှင့်အတူ မက္ကဆီကိုသို့ ဦးတည်ထွက်ခွာကြသည်။

ရွှေ့ပြောင်းများသည် ထူထပ်သော မိုးသစ်တောများ၊ စိတ်မချရသော မြေပြင်အနေအထားများကို ဖြတ်သန်းရသည် ဖြစ်ရာ လုယက်မှု၊ မှောင်ခိုသမားများ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် ဒေသအာဏာပိုင်များနှင့် ပက်ပင်းတွေ့နိုင်မှု အန္တရာယ်များကို ရင်ဆိုင်ကြရသည်။ ခက်ခဲသော အခြေအနေများနှင့် အခြေခံအဆောက်အအုံ ကင်းမဲ့မှုတို့ ရှိလင့်ကစား ပနားမားနှင့် ကိုလံဘီယာကို ခွဲထားသည့် ဝေးလံပြီး နေခင်း ထိုင်ခင်း မသာသော တောအုပ်ဒေသတခုဖြစ်သည့် သတင်းဆိုးထွက်သော Darien Gap က အများအတွက် ဝင်ပေါက်တခုအဖြစ် ရှိစေသည်။ ထို့ပြင် ရွှေ့ပြောင်းတချို့သည် ပို၍ သွယ်ဝိုက်ကွေ့ကောက်သော လမ်းကြောင်းများကို ရွေးကြပြီး အကူးအပြောင်း နိုင်ငံများကို အားကိုးပြီး အမေရိကန်-မက္ကဆီကို နယ်စပ်သို့ ရောက်ရန် နယ်စပ် ဥပဒေအာဏာတည်မှုဆိုင်ရာ ဟာကွက်များကို အသုံးချကြသည်။ ထို လမ်းကြောင်းများတွင် လေကြောင်းခရီးသွားလာမှုမှ ကုန်းလမ်း ဖြတ်သန်းမှုများအထိ အဆင့်ဆင့် ပါဝင်နိုင်ပြီး မှောင်ခိုသမားများ သို့မဟုတ် မြေအောက် ကွန်ရက်များ၏ အကူအညီနှင့်အတူ ချိတ်ဆက်ညှိနှိုင်းလုပ်ကိုင်သည်။ ဆိုရှယ် မီဒီယာနှင့် အွန်လိုင်း ပလက်ဖောင်းများ၏ ဆွဲဆောင်မှုကလည်း လမ်းကြောင်းများနှင့် ဝင်ရောက်မှု နည်းလမ်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက် ဖြန့်ခြင်းနှင့် ညှိနှိုင်းချိတ်ဆက်ခြင်းတို့ကို လွယ်ကူချောမွေ့စေသည်။

ရွှေ့ပြောင်းနေထိုင်မှု၏ အဖိုးအခ

တရုတ်မှ အမေရိကန်သို့ ခရီးစဉ်သည် ရွှေ့ပြောင်းများအတွက် စရိတ်စက ကြီးနိုင်ပြီး ယေဘုယျအားဖြင့် သိသာသော ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှု လုပ်ရန် လိုအပ်သည်။ ရွှေ့ပြောင်းအများအပြားသည် သယ်ယူပို့ဆောင်မှု၊ တည်းခိုနေထိုင်မှု နှင့် မှောင်ခိုသမားများ သို့မဟုတ် ကူညီပံ့ပိုးသူများအတွက် ငွေပေးချေရမှုများ ကဲ့သို့ ကုန်ကျစရိတ်များကို ကျခံရန် များပြားသည့် ငွေကြေးပမာဏတို့ကို သုံးစွဲရသည်။ ဥပမာအားဖြင့် ရွှေ့ပြောင်းတချို့သည် ၎င်းတို့ကို နယ်စပ်များကို ဖြတ်ကျော်နိုင်စေရန် လမ်းပြပေးပြီး လမ်းကြောင်းတလျောက် အကူအညီပေးသည့် အလုံးစုံ ဝန်ဆောင်မှုအတွက် မှောင်ခိုသမားများကို ဒေါ်လာ ၅,၀၀၀ သို့မဟုတ် ယင်းထက် ပိုများသည့် ပမာဏအထိ ပေးရသည်ဟု သိရသည်။ ထို့ပြင် ဗီဇာကြေးများ၊ သယ်ယူပို့ဆောင်ခများနှင့် လာဘ်ပေးရမှုများ အပါအဝင် နိုင်ငံအများအပြားကို ဖြတ်ကာ ခရီးသွားလာရမှုနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များက ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးကို ထပ်တိုးစေသည်။

ခက်ခဲကြမ်းတမ်း‌သော လမ်းကြောင်းများနှင့် စရိတ်စက များပြားမှုဆိုင်ရာ စိန်ခေါ်မှုများ ရှိလင့်ကစား အဓိကအကြောင်းရင်းအဖြစ် စီးပွားရေးအခွင့်အလမ်း၊ လွတ်လပ်မှုနှင့် ပိုကောင်းသည့် ဘဝတို့နောက် လိုက်ခြင်းက ဆက်ရှိနေပြီး တရုတ်ရွှေ့ပြောင်းများအတွက် အမေရိကန်တွင် ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုများအတွက် ပိုကောင်းသည့် အနာဂတ်တခုကို ရှာရန် အဆိုပါ ခက်ခဲသော ခရီးလမ်းများကို ဖြတ်သန်းစေရန် စေ့ဆော်တွန်းပို့နေသည်။

အမေရိကန်သို့ တရုတ်နိုင်ငံသားများ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုက စီးပွားရေး၊လူမှုရေးနှင့် ပထဝီနိုင်ငံရေး အကြောင်းအချက်တို့ဖြင့် တွန်းပို့နေသော ရှုထောင့်စုံ ဖြစ်စဉ်တခုကို ဖော်ပြနေသည်။ မကြာသေးခင်က ရွှေ့ပြောင်းနေထိုင်မှုများ တရှိန်ထိုးမြင့်တက်ခြင်းက ကမ္ဘာလုံးဆိုင်ရာ အရွေ့များနှင့် ပြည်တွင်း စိန်ခေါ်မှုများ၏ ရှုပ်ထွေးသည့် အပြန်အလှန် သက်ရောက်မှုကို မီးမောင်းထိုးပြသသည်။ မူဝါဒချမှတ်သူများအနေဖြင့် ဤအလားအလာ၏ ဂယက်ရိုက်မှုများကို လုံးပန်းနေရစဉ် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ထည့်တွက်ရမည့် အချက်များကို ထိန်းသိမ်းရင်း ဇာစ်မြစ် အကြောင်းရင်းများကို ကိုင်တွယ်ခြင်းကသာ အဓိကဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်မှု နောက်ကွယ်ရှိ အရင်းခံအကြောင်းရင်းများနှင့် အဆိုပါ လှုပ်ရှားမှုများကို ပုံဖော်နေသည့် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာ အခြေအနေတို့ကို သဘောပေါက် နားလည်ခြင်းအားဖြင့် သက်ဆိုင်ပတ်သက်သူများအနေဖြင့် ပုံမှန် မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဖြစ်ပေါ်သည့် စိန်ခေါ်မှုများကို စီမံခန့်ခွဲရန်နှင့် လျော့ပါးစေရန် ပိုမို ထိရောက်သည့် မဟာဗျူဟာများကို ဖော်ဆောင်သွားနိုင်သည်။
      
(ဤဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်၏ အာဘော်သက်သက်သာ ဖြစ်သည်)