သေဒဏ် ၂ ကြိမ် ချမှတ်ခံထားရသူ ၄ ဦး အပါ ၇ ဦးကို သေဒဏ်ထပ်မံချမှတ်

သေဒဏ်ချမှတ်ခံရသူ ခုနစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးပြီး ထုတ်ပြန်ကြေညာခဲ့စဥ်

မင်းထက်

(မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်တွင် သေဒဏ် နှစ်ကြိမ်ချမှတ်ခံထားရသူ လေးဦး နှင့် သေဒဏ် တကြိမ်ချမှတ်ခံထားရသူ တဦး အပါအဝင် အမျိုးသား ခုနစ်ဦးကို သေဒဏ်များထပ်မံချမှတ်ခဲ့ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံကသိရသည်။

ထို့ကြောင့် သေဒဏ် နှစ်ကြိမ်ချမှတ်ခံထားရသူ လေးဦးမှာ လက်ရှိတွင် သေဒဏ် သုံးကြိမ်ချမှတ်ခံထားရပြီး သေဒဏ်တကြိမ်ချမှတ်ခံထားရသူမှာ လက်ရှိတွင် သေဒဏ် နှစ်ကြိမ်ချမှတ်ခံထားရသည်။

ထိုနိုင်ငံရေးအကျဥ်းသား ခုနစ်ဦးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပုသိမ်ထောင်တွင်းတရားရုံး၌ ရုံးထုတ်ပြီး ဖျာပုံခရိုင်တရားသူ ကြီးက Video conferencing စနစ်ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ကျဥ်းမိသားစုဝင်တဦးကပြောသည်။

“အခုသေဒဏ်ချခံရတာအပါဆိုရင် သေဒဏ် သုံးကြိမ်ဖြစ်သွားတဲ့ လေး ယောက်နဲ့ သေဒဏ် နှစ်
ကြိမ်ဖြစ်သွားတဲ့ တယောက်ကို ဖျာပုံမှာ သေဒဏ်တကြိမ်ချပြီး ပုသိမ်ထောင်ကိုပို့တယ်။ ပုသိမ်ထောင်ရောက်မှ သေဒဏ်တွေထပ်ချခံရတာ”ဟု ၎င်းကဆိုသည်။

၎င်းတို့အားလုံးကို လူသတ်ရန်အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၁၀၉ နှင့် လူသတ်မှု ပုဒ်မ ၃၀၂-၁(ခ)တို့ဖြင့် သေဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ကျဥ်းမိသားစုဝင်ကပြောသည်။

လက်ရှိတွင် သေဒဏ်သုံးကြိမ်ချမှတ်ခံထားရသူများမှာ ကိုသူရဖြိုး(ခ)ဝ တုတ်၊ ကိုထွန်းထွန်းဦး(ခ)စနေ ၊ကိုကျော်ဆန်းဦး နှင့် ကို ကိုကိုအောင်(ခ)ဂွတ်တီး ဖြစ်သည်။

ကိုအောင်မိုးမြင့် မှာ သေဒဏ် နှစ်ကြိမ်ချမှတ်ခံထားရပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရသည့် ကိုဝင်းမြတ်သိန်းဇော်၊ကိုကောင်းစည်သူတို့ မှာ သေဒဏ် တကြိမ်ချမှတ်ခံထားရသည်။

၎င်းတို့ ခုနစ်ဦးသည် ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာ လတို့တွင် အသီးသီးဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဥ်းဆဲခံရပြီးနောက် ဖျာပုံအကျဥ်းထောင်တွင် အကျဥ်းချခံခဲ့ရသည်။

၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၄ ရက်နေ့က ဖျာပုံမြို့၊ အမှတ် (၁၅)ရပ်ကွက်တွင်နေထိုင်သူ စစ်မှုထမ်းဟောင်း ဦးလူမင်း သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခံရမှု၌ ကျူးလွန်သူများဟုဆိုကာ ဖျာပုံခရိုင်တရားသူကြီးက သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။

အမိန့်များချမှတ်ခံရသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင်ပင် ၎င်းတို့အားလုံးကို ပုသိမ်အကျဥ်းထောင်သို့ပို့ဆောင်ခဲ့ပြီး ပုသိမ်ထောင်တွင်းတရားရုံး၌ ရုံးထုတ်စစ်ဆေးကာ သေဒဏ်များထပ်မံချမှတ်ခဲ့ခြင်းဖြစ် သည်။

“အခုသေဒဏ်ချခံရတဲ့ လူတွေရဲ့မိသားစုတွေထဲမှာ တချို့ကအခြေခံလူတန်းစားတွေပါ။ အဲ့ဒီတော့ စားဝတ်နေရေးအခက်အခဲနဲ့ ထောင်ဝင်စာပို့တဲ့ အခက်အခဲတွေလည်းရှိတယ်။အထဲက(အကျဥ်းထောင်းအတွင်း)လူတွေအတွက် စိုးရိမ်တာတွေ စိတ်မကောင်းဖြစ်တာတွေကတော့အများကြီးပေါ့။ ဒီအချိန်မှာတော့ ထောင်ထဲကလူတွေအတွက် ဘာမှ လုပ်မပေးနိုင်တော့ အသက်ရှင်ပါစေလို့ပဲ ဆုတောင်းနေရတဲ့ အခြေအနေပေါ့ဗျာ”ဟု မိသားစုဝင်များနှင့် နီးစပ်သူတဦးကပြောသည်။

လက်ရှိတွင် ၎င်းတို့ ခုနစ်ဦးကို ထောင်အာဏာပိုင်များက ပုသိမ်အကျဥ်းထောင်အတွင်း တိုက်ပိတ်ထားကြောင်း ၊၎င်းတို့အားလုံးကျန်းမာရေးကောင်းမွန်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူကပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့်သေဒဏ် ချမှတ်ခံရသူ စုစုပေါင်း ၁၆၄ ဦး ရှိနေပြီဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလက အင်းစိန်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်ကိုကျော်မင်းယု(ခ)ဦးဂျင်မီ၊ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး