ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ထောင်၁၀နှစ်ထပ်မံချမှတ်ခံရ

Photo-EYUSU

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။စစ်ကောင်စီကဖမ်းဆီးထားသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌမဆုရည်လင်းကို ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့်ထောင်ဒဏ် ၁၀နှစ်ထပ်မံချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးပြောက်ကျားသပိတ်များကိုဦးဆောင်ခဲ့သည့် မဆုရည်လင်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ရက်တွင် ထောင်ဒဏ် ၁၀နှစ်ထပ်မံချမှတ်လိုက်ခြင်းဟု ၎င်းနှင့်နီးစပ်သူတဦးက ပြောသည်။

“သူ့ကိုဖမ်းမိတဲ့အချိန်မှာ ၅၀၅နဲ့ဆွဲတယ်။ နောက်ပြီးတော့ထပ်တိုးအကြမ်းဖက်ပုဒ်မနဲ့ ဆွဲတယ်။ အဲဒီအပေါ်သီးသန့်မှတ်ချက်တော့မရှိဘူး။ သူတို့က မိတဲ့သူတွေကို ကြိုက်တဲ့ပုဒ်မတပ်ပြီးတရားစွဲထောင်ချနေတာလေ”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

မဆုရည်လင်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲသို့ သွားရောက်စဉ်တွင် အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသားနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ၂၀၂၂ မတ်လ ၃၁ ရက်နေ့၌ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီးနောက် ကိုဖိုးသားသည် ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့၌ ပြန်လည်လွတ်မြောက်လာခဲ့သည်။

မဆုရည်လင်းကိုမူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်သုံးနှစ်၊ ပုဒ်မ ၄၂၀-ကနှင့်၄၆၈အတွက် ထောင်ဒဏ် နှစ်နှစ်နှင့်လက်ရှိအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်၁၀နှစ် စုစုပေါင်း ထောင်ဒဏ်၁၅နှစ်အထိချမှတ်ထားသည်။

မဆုရည်လင်းအား အမိန့်မချခင် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မိသားစုဝင်အချို့က ရုံးချိန်းသွားရောက်တွေ့ဆုံစဉ် မဆုရည်လင်း၏ အဒေါ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နီမိုလှိုင်ကိုလည်း စစ်ကောင်စီက ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရသည်။ဒေါ်နီမိုလှိုင်အား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခြင်းကိုမသိရသေးပေ။

လက်ရှိတွင် အင်းစိန်အကျဉ်းထောင်တွင်ရောက်ရှိနေသည့် အသက် ၂၇နှစ်အရွယ် မဆုရည်လင်းသည် ကျန်းမာရေးမကောင်းဘဲ ပန်းနာရင်ကျပ်နှင့် အစာအိမ်ရောဂါ ခံစားနေရကြောင်း သိရသည်။

” သူကအရင်တည်းက အပြင်မှာကတည်းကတော့ လူကအားနည်းတယ်။ အကောင်လည်းသေးတော့ အရမ်း weak ဖြစ်တယ်။ ပန်းနာရင်ကျပ်ကလည်း အရင်ကတည်းကရှိတယ်။ အထဲမှာထပ်ဖြစ်တာကတော့ အစာအိမ်ပေါ့။ အစားအသောက်မမှန်တာနဲ့၊ အထဲကအစားအသောက်တွေ မကောင်းတာနဲ့ အစာအိမ်ပြဿနာနည်းနည်းရှိနေတယ်လို့ထပ်သိရတယ်” ဟု မဆုရည်လင်း၏ မိသားစုဝင်များနှင့်နီးစပ်သူတဦးကပြောသည်။

မဆုရည်လင်းသည်စစ်အာဏာရှင်ဆန့်ကျင်ရေး၌တက်တက်ကြွကြွပါဝင်ခဲ့သော လူငယ်အမျိုးသမီးတဦးဖြစ်ပြီး စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် နိုင်ငံသားများအား အမှုမျိုးစုံတပ်၍ အကြမ်းဖက်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မယွန်းမီကပြောသည်။

စစ်တပ်က ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခု၂၀၂၄ ခုနှစ်၊မတ်လ ၁ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် မတရားဖမ်းဆီးခံရသူ စုစုပေါင်း ၂၆,၂၁၀ဦးရှိပြီဖြစ်ပြီး ၂၀,၁၄၇ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၈,၈၂၃ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

စာတည်း-အေးချမ်း