CDF မင်းတပ်ထံ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသည့် ရဲတပ်သားကို သိန်း၅၀ချီးမြှင့်

မင်းတပ်မြို့မရဲစခန်းမှ အလင်းဝင်လာသော ရဲတပ်သားနှင့် ၎င်းယူလာသော လက်နက်ခဲယမ်းများ/ ဓာတ်ပုံ။ ။ CDF-mindat

ကိုခင်မောင်

(မဇ္စျိမ)။ ။ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မရဲစခန်းမှ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသော ရဲတပ်သားတဦးကို ဆုငွေကျပ်သိန်း၅၀ ချီးမြှင့်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ယနေ့ မတ်လ ၁ရက်တွင် သတင်းထုတ်ပြန်သည်။

“လုံခြုံတဲ့နေရာမှာ ရှိပါတယ်။ အိမ်ပြန်ချင်ရင်လည်း ပြန်နိုင်ဖို့နဲ့ ကျွန်တော်တို့တပ်ဖွဲ့ဆီမှာ တာဝန်ထမ်းဆောင်မယ်ဆိုလည်း ပါဝင်နိုင်ဖို့ စီစဥ်ပေးထားပါတယ်။ ဆုကြေးငွေ သိန်း၅၀ ချီးမြှင့်ခဲ့ကြတာပါ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တာဝန်ရှိသူက ပြောသည်။

မင်းတပ်မြို့မရဲစခန်းမှ ရဲဘော်လှိုင်မင်းထွန်း( လ-၂၉****)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံ ဆက်သွယ်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဆုငွေချီးမြှင့်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲဘော်လှိုင်မင်းထွန်းသည် ၎င်းနှင့်အတူ G3 အမျိုးအစား သေနတ်တလက်နှင့် ကျည်ဆန် ၈၄တောင့် တို့ကို ယူဆောင်ကာ ခိုလှုံလာခြင်းဖြစ်‌ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တာဝန်ရှိသူထံက သိရသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး အလင်းဝင်ရောက်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်)က အသိပေးထုတ်ပြန်ထားသည်။

စာတည်း ။ ။ဖူးသိမ်ကျ