အမ်းမြို့နှင့် ဆက်သွယ်ထားသည့် ကားလမ်းများစစ်ကောင်စီတပ် ဖြတ်တောက်

အမ်းမြို့နယ်

ဓါတ်ပုံ- credit(ပုံအဟောင်း)

ဓါတု

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊အမ်းမြို့နှင့်ဆက်သွယ်ထားသည့် ကားလမ်းများကို စစ်ကောင်စီတပ်က မြောင်းဖော်ဖြတ်တောက်ထားသည်ဟု ဒေသခံများထံက သိရသည်။

“ရန်ကုန်-စစ်တွေကလာရင် အမ်းကိုဝင်ခါနီးလမ်းတွေရယ်၊အမ်းဘက်ကိုလာတဲ့ ပြည်နယ်နဲ့ ကျေးရွာဆက်သွယ်ထားတဲ့ ကားလမ်းတွေ ကားသွားမရအောင်အကုန် ဘက်ဟိုး(မြေတူးစက်)နဲ့တူးပြီး မြောင်းတွေဖော်ထားတယ်။မင်းဘူးဘက်သွားတဲ့ လမ်းပဲထားတာ။အဲ့ဒီလမ်းကိုလည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေပဲ သွားလို့ရတယ်။ ကျန်တဲ့အရပ်သားတွေ ထွက်ခွင့်မရှိဘူး”ဟု ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကိုပြောသည်။

အမ်းမြို့ဘက်သို့ ဆက်သွယ်ထားသည့် ရန်ကုန်-စစ်တွေ ကားလမ်းဖြစ်သည့် အမ်းမြို့အထွက် မြိုင်သာယာကျေးရွာအနီး ကားလမ်းတွင် သုံးနေရာ၊ မအီမြို့မှ ၉၃ မိုင်အကွာအဝေးရှိ အမ်း-မအီကားလမ်း တမိုင်ကုန်းတွင် နှစ်နေရာ၊အမ်း-တပ်တောင်ကားလမ်း လုံးကျေးရွာအနီးတွင် နှစ်နေရာ စုစုပေါင်းကားလမ်းခုနှစ်ခု၏ အဝင်အထွက်များကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၈ ရက်မှစ၍ မြေတူးစက်ဖြင့် မြောင်းဖော် ဖြတ်တောက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

မကွေးတိုင်းဘက်သို့ ဆက်သွယ်ထားသည့် အမ်း-မင်းဘူးကားလမ်း တခုသာ ဖွင့်ထားပြီး အဆိုပါလမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများသာ ထွက်ခွင့်ပြုခြင်းဖြစ်သည်ဟု သိရသည်။

သို့သော် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့၏ ထောက်ခံချက်ရမှသာ ထွက်ခွင့်ပြုခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံတဦးက ဆိုသည်။

“ထွေအုပ်ရုံးက ထောက်ခံစာရပေမယ့် နပခထောက်ခံစာမရရင်တော့ သွားမရဘူးတဲ့။နှစ်နေရာလုံးက ထောက်ခံချက်ရမှ သွားခွင့်ပြုတာ။ဒီနေ့အထိစစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ မိသားစုတွေက ကားနဲ့ထွက်ပြေးကြပြီ၊ပရိဘောဂတွေပါ သယ်သွားတာလည်းရှိတယ်။အိမ်စီးကားတွေ၊ကုန်တင်ယာဥ်တွေနဲ့ထွက်ကြတာ၊ ခရီးသွားယာဥ်(express)တော့ မရှိဘူး”ဟု အမ်းမြို့ဒေသခံတဦးက ပြောသည်။

ထို့အပြင် အမ်းမြို့ပေါ်မှလွဲ၍ အမ်းမြို့နယ် ကမ်းထောင်းကြီးမြို့၊တပ်တောင်မြို့၊မြေပုံမြို့တို့ရှိ

ကျေးရွာပေါင်း ၃၀ ကျော်ကို လျှပ်စစ်မီးဖြတ်တောက်ထားသည်မှာ ငါးရက်ရှိပြီဖြစ်ကြောင်းလည်း ဒေသခံများထံက သိရသည်။

ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်ထားချိန် စစ်ကောင်စီတပ်အနေဖြင့် တောင်ပိုင်းရှိ မြို့များကို ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လျက်ရှိပြီး အမ်းမြို့သို့ AA မှ ထိုးစစ်ဝင်မလာနိုင်ရန် ကားလမ်းများ ပိတ်ဆို့ဖြတ်တောက်ခြင်းများ၊ခံတပ်များ အခိုင်အမာ တည်ဆောက်၍ လုံခြုံရေးယူခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း တောင်ကုတ်ခရိုင် ၊ ကျောက်ဖြူ-မအီမြို့အဝင်

ကျောက်ကြီးပေါက်တံတားနှင့် မအီတံတား နှစ်စင်းကို စစ်ကောင်စီတပ်က မအီမြို့မှ

တပ်ဆုတ်ခွါသွားချိန်တွင် ဖျက်ဆီးသွားခဲ့သည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေ-ရန်ကုန်ကားလမ်းမ‌ပေါ် ၊ စစ်တွေမြို့အဝင် အမြင့်ကျွန်းကျေးရွာရှိ မင်းချောင်း (ခ) အမြင့်ကျွန်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

လတ်တလောအခြေအနေအရ ရက္ခိုင့်တပ်တော်(AA)သည် စစ်ကောင်စီတပ်၏ စစ်ကူများ ဝင်မလာနိုင်ရန် ဖြတ်တ်ိုက်လျက်ရှိပြီး ပုဏ္ဏားကျွန်း၊မောင်တော၊ဘူးသီးတောင်မြို့တို့တွင် AA၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အပြင်းအထန် ခုခံတန်ပြန် တိုက်ခိုက်လျက်ရှိသည်။

စာတည်း ။ ။ ဖူးသိမ်ကျ