မန္တလေးတွင် မီးလောင်မှုဖြစ်ပွားပြီး ၁ဦးသေဆုံး

ဓာတ်ပုံ-Than Htay

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ၊ကံသာယာရပ်ကွက် ၅၉ လမ်းနှင့် ၁၁၂(A)လမ်းထောင့်အနီးတွင် ယနေ့ နံနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး တဦးသေဆုံးသွာသည်ဟု သိရသည်။

“နေအိမ်တလုံးကနေ စလောင်တယ်၊ အဲဒီမှာ ကလေးမလေးတစ်ယောက်က ထွက်မပြေးနိုင်တော့ မီးထဲပါသွားတာ၊ သူက ဆိုင်ကယ်တိုက်ခံထားရလို့ ခါးရိုးကျိုးပြီး လမ်းမလျှောက်နိုင်တာကြာပြီလို့ သိရတယ်၊ အခု DB(ရုပ်အလောင်း)ကို ရင်ခွဲရုံပို့ထားတယ်” ဟု လူမှုကယ်ဆယ်ရေး အသင်းတခုမှတာ၀န်ရှိသူက ပြောသည်။

နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီ ၃၇ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

“မီးလောင်ချိန် နာရီ၀က်နီးပါးကြာတယ်၊ ကလေးမလေးက ခုနှစ်တန်းကျောင်းသူလေးပါ၊ ဒဏ်ရာရထားလို့ မပြေးနိုင်တာကနေ မီးထဲပါသွားတာ” ဟု မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သည့် မီးသတ်၀န်ထမ်းတဦးကပြောသည်။

အဆိုပါမီးလောင်မှုကို Level 1 အဆင့် မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ဇန်နဝါရီလ ၁၀ ရက် နံနက်အစောပိုင်းကလည်း နေအိမ်တလုံး၌ မီးလောင်ဖြစ်ပွားပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ