ရုပ်သံဖိုင် အဟောင်းကို ထပ်ခါထပ်ခါ အသုံးပြုပြီး ဖြန့်ဝေနေတဲ့ AA အကြောင်း သတင်းတု

ZZ

(မဇ္ဈိမ) ။ ။ ရက္ခိုင့်တပ်တော် (AA) က တောင်ကုတ်မြို့နယ် လမူးမော်ကျေးရွာက ရွာသားတစ်ဦးကို ဆက်ကြေးမပေးလို့ ဖမ်းဆီးရိုက်နှက်တယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုပျံ့နှံ့နေပါတယ်။

ဒွာရာဝတီ မီဒီယာ (Doror Waddy Media) တယ်လီဂရမ်ချန်နယ်ကနေ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လူတယောက်ကို ကြိုးတုပ်ထားပြီး ကျန်တဲ့သူတွေက ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်နဲ့အတူ တောင်ကုတ်မြို့နယ်၊ လမူးမော် ကျေးရွာမှာ‌ နေထိုင်တဲ့ ရွာသားတဦးက AA အဖွဲ့ကို ဆက်ကြေးမပေးနိုင်ဆောင်တာကြောင့် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖိုင်ကို ကြည့်ရှုသူ ၁၅၀၀ ကျော် ရှိနေပါပြီ။ ဖေ့ဘုတ်မှာတော့ “Ko Htet” ဆိုတဲ့ အ‌ကောင့်ရဲ့ ဖြန့်ဝေမှုမှာ ဆိုရင် ကြည့်ရှုသူ တထောင်ကျော် ရှိနေပါပြီ။

မဇ္ဈိမက ဒီရုပ်သံဖိုင်နဲ့ပတ်သက်ပြီးအချက်အလက်စစ်ဆေးခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ရဲ့ မူရင်းကို မတွေ့ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်ကတည်းက ပျံ့နှံ့နေခဲ့တဲ့ ရုပ်သံဖိုင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒွာရာဝတီ မီဒီယာ တယ်လီဂရမ် ချန်နယ်ကနေပဲ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ ကတည်းက “ULA/AA က ဖွဲစည်းပေးထားတဲ့ ရခိုင်ပြည် သူ့အာဏာပိုင်အဖွဲ APA ရဲ့ အပြစ်သားတစ်ဦးကို အရေးယူတဲ့မှတ်တမ်း video” ဆိုပြီးတော့ စတင်ဖြန့်ဝေထားခဲ့တာပါ။

နောက်တကြိမ်အနေနဲ့ ၂၀၂၃ ဒီဇင်ဘာမှာလည်း ဒီရုပ်သံဖိုင်နဲ့ပဲ AA အဖွဲ့ထဲကို ကိုယ်တိုင်မဝင် သားသမီးတွေကိုလည်း မထည့်လို့ဆိုပြီး AA အဖွဲ့ဝင်တွေက ရိုက်နှက်နေကြတာလို့ ဖြန့်ဝေခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ “MD Takar” အမည်နဲ့ ယူကျူ့ချန်နယ်တခုမှာ ဒီဖိုင်ကို ဘာစာသားမှ ထည့်သွင်းရေးသားခြင်းမရှိပဲ ပြန်လည်ဖော်ပြထားတာပါ။ လင့် – https://bit.ly/3wHlkDj

ဒါ့ကြောင့် ဆက်ကြေးမပေးလို့ ရွာသားတစ်ဦးကို AAအဖွဲ့ဝင်တွေကရိုက်နှက်တယ်ဆိုတဲ့ ရုပ်သံဖိုင်ဟာ အဟောင်းဖြစ်နေပြီး စစ်တပ်လော်ဘီချန်နယ်တွေမှာ မကြာခဏဆိုသလို ဖြန့်ဝေလေ့ရှိတဲ့ ရုပ်သံဖိုင်ပါ။

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကျယ်ပြန့်လာသလို AA က စစ်စခန်းတွေ တခုပြီးတခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီကို ထောက်ခံသူတွေဟာ စစ်ကောင်စီရဲ့ ကျရှုံးပုံရိပ်တွေကို ဖုံးကွယ်ဖို့အတွက် အမျိုးမျိုးသော ဝါဒဖြန့်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာတွေ တွေ့ရတာကြောင့် သတင်းဖတ်ရှုသူတွေအနေနဲ့ သတိပြုမိကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။