စဉ့်ကူးတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပုံစာ - စဉ့်ကူးမြို့နယ် ရွာတော်ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်စိုး ပစ်ခတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရစဉ်(Photo CJ)

ပုံအညွှန်း – စဉ့်ကူးမြို့နယ် ရွာတော်ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်စိုး ပစ်ခတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရစဉ်(Photo CJ)

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

“မနေ့က အုပ်ကြီးနှစ်ယောက်ပစ်သတ်ခံရတယ်။ စစ်ကောင်စီတပ်က မြစ်ကမ်းဘေးရွာတွေကိုဝင်မွှေနေ တဲ့အချိန်မှာ တဖက်ကလည်း အုပ်ကြီးနှစ်ယောက်ကို ဝင်ပစ်သွားတာ။ နှစ်ယောက်လုံး စကစလက်ထက် မှာ အုပ်ကြီးဖြစ်ကြတာ၊ ဆက်မလုပ်ဖို့သတိပေးထားတာကို ဆက်လုပ်နေလို့ ပညာပေးသွားတာဖြစ်မယ်။ ဘယ်အဖွဲ့လက်ချက်ဆိုတာတော့ မသိဘူး” ဟု ဒေသခံ သတင်းရင်းမြစ်တခုက ပြောသည်။

စဥ့်ကူးမြို့နယ် ခူလယ်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချင်းသည် မတ်လ ၂ ရက် ယမန်နေ့ နံနက် ၆ နာရီခွဲခန့်တွင်လည်းကောင်း၊ ငွေတောင်ကျေးရွာအုပ်စု ရွာတော်ကျေး ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးသည် မွန်းလွဲ ၂ နာရီခန့်တွင်လည်းကောင်း ၎င်းတို့၏နေအိမ် အသီးသီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား မည်သည့်အဖွဲ့က ပစ်ခတ်သတ်ဖြတ်သွားကြောင်း မတ်လ ၃ ရက် ယနေ့ ညနေပိုင်းအထိ မသိရသေးသော်လည်း စစ်ကောင်စီ၏ဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ်များတွင် PDF လက်ချက်ဖြစ် ကြောင်း ဆိုကြသည်။

“စကစခန့်အုပ်ကြီးတွေဆိုတော့ တော်လှန်ရေးအင်အားစုတွေ လက်ချက်ဖြစ်ဖို့များတယ်။ အဲဒီဘက်မှာ အုပ်ကြီးတွေ အလုပ်ထွက်ကြဖို့ မကြာခဏသတိပေးချက်ထုတ်တာ တွေ့ရတယ်” ဟု မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုမှ ပြောရေးဆိုခွင့်ရှိသူတဦးက သုံးသပ်သည်။

စဉ့်ကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ကျည်တောက်ပေါက်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦး ကျေးရွာစာသင်ကျောင်းရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

စဉ့်ကူးမြို့နယ်သည် မန္တလေးတိုင်းအတွင်း ညမထွက်ရအမိန့် ဆက်လက်ရှိနေသေးသည့်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိ သည်။

ဒေသတွင်းတော်လှန်ရေးအင်အားစုများက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား ရာထူးတာဝန်စွန့်ပြီး ပြည်သူနှင့်ပူးပေါင်းရန် မကြာခဏသတိပေးမှုများရှိခဲ့သလို စစ်ကောင်စီတပ်ကလည်း နေ့စဉ်နီးပါး စဉ့်ကူးမြို့နယ်အတွင်းရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်။ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြို့အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာငါးရွာ ပေါ်သို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရေလုပ်သားတဦး သေဆုံးခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှု ကြောင့် ရွာတော်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် လူငယ်တဦးသေဆုံးပြီး မီးဖွားပြီးစအမျိုးသမီးတဦးနှင့် အသက် ၈၀ အရွယ် အဖွားအိုတဦး ဒဏ်ရာရခဲ့သည်။

စာတည်း။ ။စောဖေ