ကျိုက်မရောတွင် ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်

ဂျူချန်း

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့(ဧပြီလ ၁၄ ရက်)မွန်းလွဲပိုင်းတွင် သံကလောင်ကျေးရွာရှိ ကျောင်းဟောင်းကျောင်းထိုင်ဆရာတော် ဦးဝါယမသည် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တရနာကျေးရွာဘက်သို့ ဒကာတယောက်နှင့်အတူ ထွက်လာစဉ် ကျွန်းကုန်းနှင့် တရနာကျေးရွာကြား၌ စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူကာ ဒကာဖြစ်သူလည်း သေနတ်ရှပ်ထိဒဏ်ရာ အနည်း ငယ်ရရှိခဲ့ကြောင်း သိရသည်။

“ကျွန်းကုန်းရောက်တော့ ကားတားတယ်။ မှန်ဖွင့်ပေးဆိုလို့ ဖွင့်ပေးတာ၊ ဖွင့်ပေးပြီးတာနဲ့ ရင်ဘတ်ကို နှစ် ချက်ပစ်တယ်။ ဆေးရုံပို့ဖို့လည်း တားထားတော့ သွေးတအားထွက်ပြီး အသက်ပါမရှိတော့တာ” ဟု ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

“အဲဒီနေရာမှာ ဗမာစစ်တပ်ပဲရှိတာ။ တရနာရွာထဲလည်း သူတို့(စစ်တပ်)တပ်စွဲထားတုန်းပဲ” ဟု အခြား ဒေသခံတဦးကလည်းမဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် ဆရာတော် ဦးဝါယမသည် သက်တော် ၅၅ နှစ် ဝါတော် ၃၅ နှစ်ရှိပြီး ယနေ့(ဧပြီလ ၁၄ရက်) ညနေပိုင်းတွင် အလှပ်ကုန်းသုဿာန်၌ မီးသင်္ဂြိုလ်ခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း သံကလောင်ကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် သားများက စစ်ဘေးမရှောင်ဘဲအိမ်စောင့်ကျန်ခဲ့သည့် နိုင်ကရမ်ဆိုသူ အရပ်သားတဦးကို ပစ်သတ်သွားခဲ့ သည်။

သံကလောင်ကျေးရွာမှာ စစ်ကောင်စီ ရေတပ်နှင့်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာထက်ဝက်နီးပါး မီးလောင်ပြာကျခဲ့သည့် ဓမ္မသကျေးရွာနှင့် ကပ်လျက်တွင် တည်ရှိသည်။

စစ်ကောင်စီတပ်သည် လက်ရှိအချိန်အထိ တရနာ၊ ကော့သတ်နှင့် သံကလောင်ကျေးရွာများတွင် တပ်စွဲ ထားပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

မွန်ပြည်နယ် ကျိုက်မရောနှင့် ကရင်ပြည်နယ် ကော့ကရိတ်အစပ် ကျေးရွာများဖြစ်သည့် ကော့ဘိန်းနှင့် ဓမ္မသကျေးရွာတို့တွင် ပြီးခဲသည့်မတ်လကုန်ပိုင်းကစတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မွန်-ကရင်အစပ် ဂျိုင်းမြစ်တလျှောက် ကျေးရွာ များမှ ဒေသခံ ၈,၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ