တရုတ်သူလျှိုဟု စွပ်စွဲခံထားရသူများ၏ အထောက်အထားများကို တူရကီမီဒီယာများ ဖော်ထုတ်

Photo:AFP

RFA

တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီး ၂၀၂၃ ဖေဖော်ဝါရီ ၅ ရက်၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း ဝီဂါလူမျိုးစုများက တူရကီနှင့် အရှေ့တာကစ္စတန်အလံများကို ဝှေ့ယမ်းခဲ့ကြသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် နေထိုင်သော တရုတ်သူလျှိုတဦး အဖြစ်စွပ်စွဲခံရသူ ဆာဒစ် မီမက်တီဇစ် သည် တူရကီအာဏာပိုင်များ ၏ စုံစမ်း ထောက်လှမ်းမှုကို နှစ်ပေါင်းများစွာ ရှောင်တိမ်းနေခဲ့ပြီး ဟောင်ကောင်၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ ဆီးရီးယားနှင့် တရုတ်နိုင်ငံအနောက်စွန်းရှိ ရှင်ကျန်းဒေသများသို့ ခရီးလှည့်လည်သွားလာခဲ့ကြောင်း တူရကီမီဒီယာများက ဖော်ပြသည်။

မီမက်တီဇစ် သည် တရုတ်နိုင်ငံအတွက် သူလျှိုလုပ်သည်ဟု စွပ်စွဲခံရပြီး ဖေဖော်ဝါရီ ၂၀ က ဖမ်းဆီးခံရသော ၆ ဦး တွင် ပါဝင်ခဲ့ကြောင်း တူရကီ သတင်းစာ Habertürk နှင့် တီဗီချန်နယ်က ဖေဖော်ဝါရီ ၂၈ တွင် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံထားရသူ ၆ ဦး၏ အထောက်အထားများကို ယခုသီတင်းပတ် အစောပိုင်းတွင် Habertürk က ထုတ်ဖော်ပြသခဲ့ပြီး ၎င်းတို့သည် ဆော်ဒီအာရေဗျရှိ တရုတ်ထောက်လှမ်းရေးအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း ဖော်ပြခဲ့သည်။

မီဒီယာများက ၎င်း တို့ ၏ မျိုးနွယ်စုကို မဖော်ပြသော်လည်း အားလုံးသည် ဝီဂါ များဖြစ်ကြောင်း Radio Free Asia က အတည်ပြုထားသည်။ ဖမ်းဆီးခံရသူများ အနက် အီမန်ဂျန် ကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ ၇ယောက် မြောက် သူလျှိုဖြစ်သူ သည် ပိုမိုအရေးကြီးပြီး ရဲများက အလိုရှိနေဆဲဖြစ်သည်။

သံသယရှိသူများသည် တူရကီရှိ ထင်ရှားသော ဝီဂါ များ နှင့် ဝီဂါ အသင်းအဖွဲ့များကို သူလျှိုလုပ်ပြီး တရုတ်ထောက်လှမ်းရေး အရာရှိများထံ သတင်းပေးပို့ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ အဆိုပါဖမ်းဆီးမှုကို အစ္စတန်ဘူလ် အစိုးရရှေ့နေချုပ်၏ အကြမ်းဖက်ဝါဒနှင့် ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရို က ဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။

အကယ်၍ ၎င်းတို့သည် တရုတ်နိုင်ငံအတွက် သူလျှိုများ အမှန်တကယ်ဖြစ်ပါက တရုတ်၏ ဝီဂါ အကြောင်း သတင်းရယူမှု သည် နိုင်ငံဖြတ်ကျော်ဖိနှိပ်မှု အတိုင်းအတာ ဖြစ်သွားနိုင်သည်။

အရှအလယ်ပိုင်း ပြင်ပတွင် ဝီဂါ လူဦးရေအများစု ရှိသည့် တူရကီတွင် ဝီဂါ ၅၀၀၀၀ ခန့်နေထိုင်ပြီး တရုတ် အတွက် သူလျှိုလုပ်ရန် စိတ်ဝင်စားဖွယ်ဖြစ်သည်။

ဝီဂါ ဒုက္ခသည်များအား ပြည်ပနိုင်ငံများတွင် ၎င်း တို့ ၏ အသိုက်အဝန်း ပြန်လည်ဆောက်ခြင်း နှင့် အချင်းချင်း သတင်းအချက်အလက် ဖလှယ်ခြင်း တို့ကို တရုတ်အစိုးရမှ တားဆီးရန် အားထုတ်ခဲ့ခြင်းသည် ၎င်းတို့၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စုဝေးခြင်းများအတွက် အနှောက်အယှက်ဖြစ်စေကြောင်း Radio Free Asia မှာ ၂၀၂၃ ဖေဖော်ဝါရီ တွင် ဖော်ပြခဲ့သည်။

ယခင်က တူရကီသည် ဝီဂါများကို တရုတ်နိုင်ငံ ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြင်ပတွင် ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် နေထိုင်ရန် ကမ်းလှမ်းခဲ့ပြီး ကုလသမဂ္ဂတွင် ဝီဂါပြဿနာကို အမြဲတစေ ထုတ်ဖော်ပြောဆိုခဲ့သည့် တစ်ခုတည်းသော တာ့ခ်နှင့် မွတ်စလင်နိုင်ငံလည်း ဖြစ်သည်။

အစ္စတန်ဘူလ် အစိုးရရှေ့နေချုပ်ရုံးသည် လက်ရှိ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးမည် မဟုတ်ပေ။ မှတ်ချက်ပေးရန် အန်ကာရာမှာရှိ တရုတ်သံရုံးကို RFA က ဆက်သွယ် မရခဲ့ပေ။

အစ္စတန်ဘူလ်တွင် နေထိုင်သော မီမက်တီဇစ် ၏ သားက ၎င်း ၏ ဖခင်သည် အပြစ်ရှိကြောင်း မယုံကြည်ဘဲ တရားရေးအာဏာပိုင်များက စီရင်ချက်မချမချင်း ၎င်း ကို သူလျှို အဖြစ် သတ်မှတ်ရန် အချိန်မတန်သေးကြောင်း RFA သို့ ပြောသည်။

“ယခုအချိန်အထိတော့ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့အစည်းတွေဆီကနေ သတင်းအချက်အလတ်တွေ မရရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။ “ခိုင်မာတဲ့ သက်သေအထောက်အထား ဒါမှမဟုတ် အတည်ပြုချက်တော့ မရှိသေးဘူး။ တရားရေးအဖွဲ့အစည်းတွေက သတင်းတွေမှာ ဖော်ပြထားသလိုမျိုး ဘာမှ မပြောသေးဘူး။ ကျနော်တို့ ကြားသိရသမျှကတော့ သူ့ကို ဖမ်းထားတယ်လို့ ဆိုပါတယ်” ဟု ၎င်း ကဆိုသည်။

“ကျွန်တော်အနေနဲ့ ပြောရရင် သူက ကိုယ်ပိုင်လုပ်ငန်းကို နှစ် ၂၀ ကျော် လုပ်ကိုင်လာတဲ့အတွက် ယခုကိစ္စက ယုံရခက်ပါတယ်” ဟု သားဖြစ်သူက ဆက်ပြောသည်။ “သူ့မှာ သူ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်ကုန်တွေရှိပြီး ကျွန်တော်တို့ အတူတူနေခဲ့တုန်းကတောင် အာရှအလယ်ပိုင်းနဲ့ သူ့ရဲ့စီးပွားရေး ကုန်သွယ်မှုကို အာရုံစိုက်ခဲ့တယ်။ စီးပွားရေးကတိကဝတ်တွေကြောင့် နိုင်ငံရေးကို သူ ဘယ်တော့မှ စိတ်မဝင်စားဘူး။ ဒါကြောင့် ဒီသတင်းတွေရဲ့ တိကျမှုကို သံသယဖြစ်မိပါတယ်။” ဟု ၎င်း က ဆိုသည်။

မီမက်တီဇစ် သည် အသက် ၅၀ ကျော် တွင် ဝီဂါ ၁၁ သန်း နေထိုင်သည့် ရှင်ကျန်းမှ တူရကီ သို့ ပြောင်း ရွှေ့ခဲ့ပြီး ၂၀၂၀ ခုနှစ်များတွင် တရုတ် ထောက်လှမ်းရေး အေဂျင်စီ၊ အမျိုးသားလုံခြုံရေး ဝန်ကြီးဌာန တို့မှ တစုံတဦးနှင့် အဆက်အသွယ်ရှိခဲ့သည် ဟု အကြမ်းဖက်ဝါဒ နှင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဗျူရိုမှ ထုတ်ပြန်ခဲ့သည်။

၎င်းသည် ရှင်ကျန်း ကာဆဂါ စီရင်စုရှိ တရုတ်ကွန်မြူနစ်ပါတီ ကာဂီလစ် ကောင်တီကော်မတီမှ အရာရှိ လီ နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခြင်း၊ လူကိုယ်တိုင်တွေ့ဆုံခြင်းများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီမက်တီဇစ် သည် တူရကီပြင်ပရှိ တရုတ်ထောက်လှမ်းရေးအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း တူရကီ အမျိုးသားထောက်လှမ်းရေးဌာနမှ အချက်အလက်များအရ သိရသည်။ ၎င်းသည် ၂၀၂၃ ဖေဖော်ဝါရီ တွင် ဟောင်ကောင်သို့ ခရီးထွက်ခဲ့ပြီး ရှင်ကျန်းပြည်နယ် ကာဂီလစ် ခရိုင်သို့ သွားရောက်ခဲ့၍ လီ နှင့် အလင်ဂျန် ဟု ခေါ်သော သူလျှို ၂ ဦးနှင့် တွေ့ဆုံခဲ့သည်။

နောက်ပိုင်းတွင် မီမက်တီဇစ် သည် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါ တွင် အလင်ဂျန် နှင့် ထပ်မံတွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုများကို ဖုံးကွယ်ရန် တရုတ်နှင့် ဆော်ဒီအာရေဗျရှိ တရုတ်ထောက်လှမ်းရေး အရာရှိများက မီမက်တီဇစ် ကို မတူညီသော နိုင်ငံကူးလက်မှတ် ၂ ခု ထုတ်ပေးခဲ့ကြောင်း တူရကီသတင်းများက ဖော်ပြသည်။

တရုတ်အာဏာပိုင်များက ဝီဂါ နှင့် အခြားသော တာခ့် မူဆလင်များကို “ပြန်လည်ပညာပေး” စခန်းများတွင် အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့သည့် ၂၀၁၇ နောက်ပိုင်းတွင် မီမက်တီဇစ် သည် ရှင်းကျန်း သို့ အလွယ်တကူ ခရီးသွားလာခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။ .

၎င်းသည် ၂၀၂၃ တွင် တရုတ်၌ အမေရိကန် ဒေါ်လာ ၇၀၀၀ နှင့် ဆော်ဒီအာရေးဗျ တွင် အမေရိကန် ဒေါ်လာ ၁၅၀၀၀ ကို တရုတ် သူလျှိုလုပ်ပေးခြင်း အတွက် ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

၎င်းသည် ၂၀၂၃ သြဂုတ်တွင် တူရကီ သို့ ပြန်ရောက်လာပြီး ဝီဂါ အဖွဲ့အစည်းများ နှင့် ၎င်းတို့၏ အစည်းအဝေးများ၊ တူရကီတွင် နေထိုင်သော ထင်ရှားသည့် ဝီဂါ များ၏ လိပ်စာများကို ရယူခဲ့သည်။ ၎င်းသည် တရုတ်ထောက်လှမ်းရေးအရာရှိများ သို့ မျှဝေရန် ဓာတ်ပုံများနှင့် စာရွက်စာတမ်းများ စုဆောင်းခဲ့ကြောင်း သတင်းများက ဆိုသည်။

၎င်းသည် တရုတ်ထောက်လှမ်းရေးအေဂျင်စီ၏ ညွှန်ကြားချက်အရ ဝီဂါ ဘာသာရေးဆရာ အဘဒူ ကွာတာ ယပ်ချန် နေထိုင်ရာဒေသသို့ ပြောင်းရွှေ့ရန် ၂၀၂၃ ဇန်နဝါရီ တွင် ကြိုးစားခဲ့သော်လည်း နေစရာ မရခဲ့ကြောင်း အစိုးရရှေ့နေချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ယပ်ချန် သည် မွတ်ဆလင် ခွဲထွက်ရေး အဖွဲ့ East Turkestan Islamic Movement တွင် ပါဝင်သည်ဟု တရုတ်က စွပ်စွဲထားသော်လည်း ခိုင်လုံသော အထောက်အထား မရှိသောကြောင့် ၂၀၂၀ အောက်တိုဘာတွင် အမေရိကန် က အကြမ်းဖက်အဖွဲ့များစာရင်းမှ ပယ်ဖျက်ခဲ့သည်။ ၂၀၁၆ သြဂုတ် တွင် တူရကီရဲတပ်ဖွဲ့က ၎င်းအား “အကြမ်းဖက်သမား” ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

၂၀၂၁ ဧပြီတွင် ယပ်ချန် အား အကြမ်းဖက်ဝါဒဖြင့် စွဲချက်တင်ရန် တရုတ် က လွှဲအပ်ပေးရန် တောင်းဆိုမှုကို တူရကီ တရားရုံး ၁ ရုံးမှ ပယ်ချခဲ့ပြီး နှစ်ပေါင်းများစွာ တရုတ်၏ ပြင်းထန်သော ပြစ်ဒဏ် စီရင်ချက်၏ ခြိမ်းခြောက်မှုကို ဥပဒေကြောင်းအရ ပယ်ချခဲ့သည်။

ဒုတိယ သံသယရှိသူ ဟဘီဘူလာ အူရမ်စီ က ၎င်းသည် သူလျှို အလင်ဂျမ် မှ မီမက်တီဇစ် သို့ ငွေလွှဲရာတွင် ကြားခံအဖြစ် လုပ်ဆောင်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ အူရမ်စီ သည် မီမက်တီဇစ် နှင့် ပါကစ္စတန်တွင် ပူးပေါင်းခဲ့ပြီး နိုင်ငံတကာ ခရီးစဉ်များစွာကို စီစဉ်ခဲ့ကြောင်း တူရကီမီဒီယာများက ဖော်ပြသည်။

တတိယမြောက် ဖမ်းဆီးခံရသူ ဟာဆင် ဆဘီတိုဂလူ သည် မကြာသေးမီက အစ္စလာမ်ဘာသာဝင်များကို ဆော်ဒီအာရေဗျရှိ မက္ကာသို့ ဘုရားဖူးခရီးစဉ် လုပ်ဆောင်ပေးဟန်ဆောင်၍ တရုတ်ထောက်လှမ်းရေး အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ မီမက်တီဇစ် သည် စီးပွားရေးရန်ပုံငွေများအသွင်ဖြင့် ဟာဆင် မှတဆင့် တရုတ်မှ ငွေပေးချေမှုများကို လက်ခံခဲ့သည်။

စတုတ္ထမြောက် သံသယရှိသူ အဗ္ဗဒူလာ နဆာ သည် တရုတ်ကောင်စစ်ဝန်ရုံးအရာရှိ ဟု ဆိုသည့် တရုတ်ထောက်လှမ်းရေးအရာရှိ ဇောင်ဇူဂန်း နှင့် အဆက်မပြတ်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

နဆာ သည် အစ္စတန်ဘူလ် တောင်ဘက် ၉၂ ကီလိုမီတာ (၅၇ မိုင်) အကွာ ဘာဆာ ရှိ ဟိုတယ်တခုတွင် ဇောင် နှင့်အတူတည်းခိုခဲ့သည် ဟု ဆိုသည်။ နဆာ သည် သူလျှို အလင်ဂျန် နှင့်လည်း ရင်းနှီးခဲ့ပြီး စာရွက်စာတမ်းများတွင် များပြားလှသော နိုင်ငံကူးလက်မှတ် မှတ်တမ်းများပါရှိကြောင်း တူရကီမီဒီယာက ပြောကြားခဲ့သည်။

မီမက်တီဇစ် သည် အစ္စတန်ဘူလ် ၏ ဥရောပဘက်ခြမ်းရှိ အလုပ်သမားလူတန်းစားနယ်မြေ ဖြစ်သော ဇေတင်ဘာနု ရှိ ဝီဂါ မုန့်ဆိုင်မှ ၀န်ထမ်း အဗ္ဗဒူလာ ကိုအသုံးပြု၍ ဆီးရီးယားရှိ ဝီဂါများ၏ အချက်အလက်များ စုဆောင်းရန်တာဝန်ပေးအပ်ခံရသည်။

မုန့်ဆိုင်ဝန်ထမ်း အဗ္ဗဒူလာ ကို RFA မှ ဆက်သွယ်မေးမြန်းရာ တွင် ၎င်းက မီမက်တီဇစ် ကို မသိသော်လည်း တူရကီနှင့် အခြားနိုင်ငံများရှိ ဝီဂါ များ ၏ သတင်းအချက်အလက်များကို ရယူစု‌ဆောင်းရန် ကြိုးစားနေသော ကာဂီလစ် မှ မုန့်ဆိုင်သို့ ၂ ရက် ၃ ရက် တကြိမ် လာလေ့ရှိသည့် တစုံတဦး အကြောင်းကို ပြောကြားခဲ့သည်။

“နာန် (ဝီဂါမုန့်) ဝယ်ရင်းနဲ့ သူ ကျွန်တော် နဲ့ စကားစမြည်ပြောတယ်” ဟု အဗ္ဗဒူလာ က ပြောသည်။ “တစ်နေ့မှာ သူက လိုအပ်နေတဲ့သူတွေကို ကူညီချင်တဲ့အကြောင်း ပြောပြီး ကာဂီလစ် က ဘာသာရေးဆိုင်ရာ လုပ်ဆောင်နေတဲ့ ကလေးတွေရှိမရှိ မေးတယ်။ သိတာရှိရင် အကြောင်းကြားပေးဖို့ တောင်းဆိုတယ်။ ကျွန်တော် မသိဘူးလို့ သူ့ကိုပြောခဲ့တယ်။” ဟု ၎င်း က ဆိုသည်။

“အသိုင်းအဝိုင်းထဲမှာ ပြောဆိုနေကြတာတွေ အများကြီးရှိလို့ သူက သူလျှိုလားဆိုတာ ကျွန်တော် အတည်မပြုနိုင်ဘူး” ဟု အဗ္ဗဒူလာ က ပြောကြားသည်။ “ကျွန်တော် သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိခဲ့ပါဘူး။ သူက ဇေတင်ဘာနု မှာ နေတာမဟုတ်ဘူး။ နာန်ကို ဝယ်ဖို့ အက်ဆာရေး နယ် က လာတယ်လို့ သူကပြောတယ်” ဟု အဗ္ဗဒူလာ က ဆိုသည်။