ထိုင်ဝမ်စစ်ဖြစ်ပါက တရုတ်ကို တိုက်ရန် အမေရိကန်စစ်တပ်တွင် မဟာဗျူဟာသစ်တရပ် ရှိ

The National Interest

အမေရိကန်သည် အထူးသဖြင့် ထိုင်ဝမ်အနီးတဝိုက်၌ တရုတ်၏ စစ်ရေးချဲ့ထွင်မှုကို တန်ပြန်ရန် ဘက်မညီ စစ်မဟာဗျူဟာများကို ရွေးချယ်ကိုင်ဆွဲလျက် ရှိသည်။ သမိုင်းကြောင်းအရ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်သည့် စွမ်းပကားနှင့် နည်းပညာ ထက်မြက်မှုအပေါ် အားထားခဲ့သည့် အမေရိကန်စစ်တပ်သည် လက်ရှိတွင် တရုတ်၏ အရေအတွက်အားဖြင့် သာလွန်မှုကို ထေကာစေရန် ဒုံးကျည်များနှင့် ဒရုန်းများကို အလေးထားရလျက် ရှိသည်။

စစ်အေးကာလ စီမံကိန်းများကို ပြန်လည်ဖော်ထုတ်ခြင်းနှင့် “Replicator” ပရိုဂရမ်ကဲ့သို့ စီမံချက်များက ပိုမိုကြီးမားလာသော တရုတ်စစ်တပ်နှင့် ဖက်ပြိုင်ရင်ဆိုင်ရာတွင် အမေရိကန်၏ လုပ်နိုင်စွမ်းများကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။

မြန်ဆန်သည့် တိုးမြှင့် တက်လှမ်းမှုများ ရှိသော်ငြား အမေရိကန်၏ ဒေသဆိုင်ရာ ဩဇာ၏ ထိန်းထားနိုင်စွမ်းက ယင်း၏ စစ်ဖက်ကာကွယ်ရေး ထုတ်လုပ်မှုလုပ်ငန်း အခြေခံကို ပြန်လည်ဖော်ထုတ်မှုအပေါ်တွင် မူတည်နေသလို မဟာဗျူဟာ တန်းတူညီမှုကို ထိန်းသိမ်းနိုင်ရန်အတွက် များပြားသည့် အဆင့်မြင့် စစ်လက်နက်ပစ္စည်းသိုမှီးအစုအဖွဲ့များကလည်း အလွန်အရေးပါလှသည်။

အဆိုပါ အခြေအနေများက တရုတ်၏ ကြီးထွားလာသော စစ်ရေး ခြိမ်းခြောက်မှုကို တန်ပြန်ဟန်ချက်ထိန်းမည့် တီထွင်ဆန်းသစ်မှုရှိသော ဖြေရှင်းနည်းများအပေါ် အာရုံစိုက်လျက်ဖြင့် မဟာဗျူဟာ ဆုံချက်တခုကို မီးမောင်းထိုးပြသသည်။

တရုတ်သည် တချိန်က အမေရိကန်နှင့် ရင်ဆိုင်ရာတွင် ယင်း၏ စစ်ရေး အားနည်းချက်များအတွက် ထေကာအစားထိုးရန် asymmetric warfare အင်အားမတူ၊ ဘက်မညီသော စစ်အပေါ် အားကိုးအားထားပြုခဲ့သည်။ လက်ရှိတွင် ပြောင်းပြန်အခြေအနေက ဖြစ်ပေါ်လျက်ရှိပြီး ယင်းက ထိုင်ဝမ်ကို ခြိမ်းခြောက်သည့် တရုတ်၏ စစ်ရေး တည်ဆောက်မှုကို တစိတ်တဒေသအားဖြင့် ထေကာစေလျက်ရှိသည်။

စစ်သင်္ဘောများ၊ လေယာဉ်များ၊ တင့်ကားများကဲ့သို့ ပိုမို သိသာများပြားသည့် စစ်ဖက် ပလက်ဖောင်းများဖြင့် ရန်သူအပေါ် လွှမ်းမိုးနိုင်စွမ်း အပါအဝင် အမေရိကန်သည် ယင်း၏ ပြိုင်ဘက်ရန်သူများအပေါ်တွင် စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုနှင့် နည်းပညာဆိုင်ရာ သာလွန်မှုကို ရရှိခြင်းဖြင့် နေသားတကျ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်သည် ကမ္ဘာ့တဝန်း စစ်လက်နက်ပစ္စည်းထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက်ခန့် ရှိခဲ့သည်။

တရုတ်စစ်တပ်သည် များမကြာသေးခင်အထိ Pacific Rim ပဋိပက္ခတရပ်၌ အမေရိကန်က ကျရောက်စေနိုင်သည့် အင်အားထက်စာလျင် ရှင်းရှင်းလင်းလင်း၊ လုံးလုံးလျားလျားဖြင့် နိမ့်ကျနေခဲ့သည်။

ဥပမာအားဖြင့် ၁၉၉၆ တွင် အမေရိကန်ရေတပ်တွင် လေယာဉ်တင်သင်္ဘော ၁၂ စင်း၊ ကရုဇာ စစ်သင်္ဘောနှင့် ဖျက်သင်္ဘော ၈၂ စင်းနှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၇၉ စင်းတို့ ရှိခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်တွင် အများအားဖြင့် ၁၉၇၀ နှင့် ၁၉၈၀ ကာလများက ထုတ်လုပ်သည့် ဖရီဂိတ်သင်္ဘောများနှင့် ဖျက်သင်္ဘော ၅၂ စင်းအပြင် လေ့ကျင့်သားပြည့်ဝသည့် အမှုထမ်းအင်အား လုံလောက်မှု မရှိဘဲ ခေတ်ကုန်၊ ဆူညံသည့် ရေငုပ်သင်္ဘော ၇၇ စင်းတို့ ရှိခဲ့သည်။

တရုတ်လေတပ်သည် ထိုင်ဝမ်ကို ကျူးကျော်ရန် ကြိုးပမ်းမည့် တရုတ်စစ်သင်္ဘော အုပ်စုတစုကို ကာကွယ်ပေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုနှစ်တွင် ထိုင်ဝမ်ကို ခြိမ်းခြောက်ရန် ရည်ရွယ်သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ရေတပ်သည် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုနှစ်စုကို စေလွှတ်ခြင်းအားဖြင့် PLA ရေတပ်ကို အရှက်ရစေခဲ့သည်။

အဆင့်မြင့် စစ်သင်္ဘောများနှင့် စစ်လေယာဉ်များအပိုင်းတွင် အမေရိကန် ရေတပ်နှင့် လေတပ်ကို ယှဉ်နိုင်စွမ်း မရှိမှုကြောင့် PLA သည် ဘက်မညီ လုပ်နည်းကိုင်နည်းတရပ်ကို ကိုင်ဆွဲခဲ့သည်။

ရှေးခေတ်အချိန်ကာလများမှစပြီး တရုတ်၏ မဟာဗျူဟာယဉ်ကျေးမှုက အင်အားပိုကြီးသော ရန်သူအပေါ် ၎င်း၏ အားနည်းချက်ကို ပစ်မှတ်ထားခြင်းအားဖြင့် အနိုင်ယူနိုင်သည့် ကျွမ်းကျင်ထက်မြက်သော လက်နက်တခုဖြစ်သည့် “assassin’s mace” ဆိုသည့် အိုင်ဒီယာကို အမွှမ်းတင်ထားခဲ့သည်။

တရုတ်အတွက် ဒုံးကျည်များက ယင်းကဲ့သို့သော လက်နက်မျိုး ဖြစ်သည်။

ဥပမာအားဖြင့် နောက်ဆုံးထုတ်မျိုးဆက် တိုက်လေယာဉ်မျိုးထက် နည်းပညာဆိုင်ရာ တောင်းဆိုမှု ပိုနည်းပြီး တန်ဖိုးပိုသက်သာသည့် ဒုံးကျည်များ တည်ဆောက်ထုတ်လုပ်ရာတွင် တရုတ်သည် ၎င်းတို့၏ လုပ်နိုင်စွမ်းရည်ကို ဖြန့်ကျက်အသုံးချသည်။ အနည်းဆုံး ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုတွင် တရုတ်သည် အမေရိကန်တပ်ဖွဲ့များကို တိုက်ရိုက် ယှဉ်နိုင်သည့် ခေတ်မီ ပလက်ဖောင်းများ မရှိခြင်းအပေါ် ထေကာရန် ဒုံးကျည်များကို အသုံးပြုခဲ့သည်။

ပေကျင်းသည် ၁၉၉၆ အကျပ်အတည်းအတွင်း ထိုင်ဝမ်၏ အဓိက ဆိပ်ကမ်းနှစ်ခုကို ယာယီပိတ်ဆို့ရန် စစ်သင်္ဘောများ မသုံးဘဲ ဒုံးကျည်များကို အသုံးပြုခဲ့သည်။ အမေရိကန် ရေတပ် အထူးတပ်ဖွဲ့တခု၏ သီအိုရီပိုင်းအရ ဒေသတွင်း ကြားဝင်မှုတရပ်အတွက် ဒုံးကျည်များက ဖြုံလောက်စရာ အဖြစ်ဆုံး ခြိမ်းခြောက်မှု ဖြစ်သည်။

တရုတ်၏ DF-21 ဒုံးသည် ၁၉၉၁ တွင် စတင်တပ်တော်ဝင်ခဲ့သည်။ ၂၀၀၆ တွင် တပ်ဖြန့်သည့် အဆင့်မြှင့်ထားသော DF-21D မျိုးကွဲသည် “carrier killer” ဆိုသည့် အမည်ပြောင် ရခဲ့ပြီး အကြောင်းမှာ ယင်းသည် အကွာအဝေး အများဆုံး မိုင် ၁,၀၀၀ တွင် ရှိသည့် ရွေ့လျားနေသော အမေရိကန် လေယာဉ်တင်သင်္ဘောတစင်းကို သီအိုရီအရ ချေမှုန်းနိုင်ခြင်းကြောင့် ဖြစ်သည်။

တရုတ်၏ အစိုးရ အစီရင်ခံချက်တခုက DF-21D သင်္ဘောဖျက် ပဲ့ထိန်းဒုံးကို ပင်လယ်ရေကြောင်း ဘက်မညီ စစ်ပွဲအတွက် assassin’s mace ဟု ခေါ်ဝေါ်ခဲ့သည်။

သို့သော် ယနေ့အချိန်တွင် တရုတ်စစ်တပ် PLA အနေဖြင့် assassin’s mace အတွက် လိုအပ်မှုနည်းပါးနေပြီဖြစ်သည်။ အမေရိကန်သည် လက်နက်စနစ်အများအပြား၌ အရည်အသွေးအားဖြင့် ကမ္ဘာ့ဦးဆောင်သူ ဖြစ်သော်လည်း ယင်းအနေဖြင့် ကမ္ဘာ့ဦးဆောင် လက်နက်ထုတ်လုပ်နိုင်စွမ်း ရှိသူအဖြစ် ရှိမနေတော့ပေ။ အမေရိကန်၏ စစ်ဖက်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုနယ်ပယ်သည် ယူကရိန်းကို ထောက်ပံ့ရန်နှင့် တရုတ်နှင့် ဖြစ်နိုင်ခြေရှိ ပဋိပက္ခတခုအတွက် အမေရိကန်၏ လက်နက်ပစ္စည်း သိုလှောင်မှုများကို ထိန်းသိမ်းထားနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

ထောင်နှင့်ချီသော ကုမ္ပဏီများသည် အမေရိကန် ကာကွယ်ရေးဌာနထံ လက်နက်ကြီးများ ပေးသွင်းခြင်းကို ရပ်တန့်ထားပြီး အမေရိကန် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ငန်းများသည် လက်ရှိတွင် ၁၉၈၅ ခုနှစ်က ၎င်းတို့ ရှိခဲ့သည့် အလုပ်သမားဦးရေ၏ သုံးပုံတပုံမျှသာ ရှိနေတော့သည်။

အခြားတဖက်တွင် တရုတ်သည် ကမ္ဘာ့ ဒီမိုကရေစီမဟုတ်သည့် နိုင်ငံဆိုင်ရာ လက်နက်တိုက် ဖြစ်လာသည်။ PLA ရေတပ်သည် လက်ရှိတွင် စစ်သင်္ဘော ၃၇၀ (အဓိကကျသည့် ရေပြင်သွား တိုက်ခိုက်ရေးသင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ ကုန်း၊ ရေနှစ်သွယ် စစ်ဆင်မှုဆိုင်ရာ တိုက်ခိုက်ရေးသင်္ဘောများ၊ မိုင်းစစ်ပွဲ သင်္ဘောများနှင့် အကူသင်္ဘောအုပ်စု တို့ ပါဝင်) ရှိနေသည်။

ယှဉ်ကြည့်ပါက အမေရိကန်ရေတပ်တွင် စစ်သင်္ဘော ၂၉၂ စင်း ရှိသည်။ တရုတ်၏ သင်္ဘောအုပ်စုသည် ၂၀၃၀ အကုန်တွင် ၄၃၅ စင်းအထိ တိုးပွားရောက်ရှိရန် ရှိနေသော်လည်း အမေရိကန်ရေတပ်သည် ယခုနောက်ဆုံး ဘတ်ဂျက် ခန့်မှန်းချက်များအရ အစင်း ၂၉၀ ကို လျော့ကျရန် ရှိနေသည်။ ထို့ပြင် အမေရိကန် ရေတပ်၏ လူ၊ ပစ္စည်းများကို ကမ္ဘာတဝန်း ဖြန့်ကျက်ထားရချိန် တရုတ်ကမူ အာရှအရှေ့ပိုင်းတွင် ယင်း၏ တပ်ဖွဲ့များကို အာရုံစိုက်နေနိုင်သည်။

တရုတ်၏ မဟာဗျူဟာသည် ရှင်းလင်းသော စစ်ရေးသာလွန်မှုတရပ်ကို ထုတ်ပြခြင်းအားဖြင့် မတိုက်ခိုက်ဘဲ အနိုင်ရရန် ဖြစ်သည်။ ထိုင်ဝမ်အနေဖြင့် ညှိနှိုင်းဆွေးနွေး အရှုံးပေးမှုအတွက် တရုတ်အစိုးရ၏ တောင်းဆိုမှုကို လက်ခံပြီး ဝါရှင်တန်ကလည်း ထိုင်ဝမ်ကို ကူညီခုခံရန် ကြားဝင်နိုင်စွမ်းကို စွန့်လွှတ်စေမည့် ယင်းကဲ့သို့သော ဖြုံလောက်စရာ လုပ်နိုင်စွမ်းများကို ဖြန့်ကျက်ရန် ပေကျင်းက မျှော်လင့်နေသည်။

တရုတ်၏ ထုတ်လုပ်နိုင်စွမ်းကို ရင်ဘောင်တန်းနိုင်စွမ်း မရှိခြင်းနှင့်အတူ အမေရိကန်သည် တရုတ်၏ သာလွန် စစ်ရေးအစု ပြဿနာအတွက် ဘက်မညီ လုပ်နည်းကိုင်နည်းများကို ဖော်ဆောင်လျက် ရှိသည်။ ၎င်းတို့မတိုင်မီ တရုတ်တို့လုပ်ခဲ့သကဲ့သိုပင် အမေရိကန်သည် လက်ရှိတွင် အတော်အတန် နည်းပါးသည့် ကုန်ကျစရိတ်ဖြင့် တိကျသော လမ်းညွှန်မှု ပေးနိုင်သည့် ဒရုန်းများနှင့်အတူ ကစားပွဲကို ပြောင်းလဲစေမည့် ဒုံးကျည်များအပေါ် အားကိုးလျက် ရှိသည်။

အမေရိကန် ကာကွယ်ရေးဌာန၏ “Replicator” ပရိုဂရမ်သည် ထောင်နှင့်ချီသော ဝေဟင်ဒရုန်းများ၊ လူက ထိန်းရန်မလိုသော အသေခံရေယာဉ်သင်္ဘောများနှင့်အတူ ကောင်းစွာ လက်နက်တပ်ထား‌သော ရန်သူကို ပြုံတိုးရင်ဆိုင်ခြင်းကို ရှုမြင်ထားသည်။

ထိုင်ဝမ် ရေလက်ကြား စစ်ပွဲတခု ဖြစ်ပါက ပထမဆုံး ၂၄ နာရီအတွင်း တရုတ်ပစ်မှတ် ထောင်ချီ ရှိမည်ဟု တွက်ဆထင်မြင်မိမည် ဖြစ်ကြောင်း အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်တပ်ဖွဲ့ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန် အကွီလာနိုက ပြောသည်။

အမေရိကန်အစိုးရ၏ ကာကွယ်ရေး တီထွင်ဆန်းသစ်မှု ဌာနသည် မြန်ဆန်ပြီး အသက်သေစေ‌သော ပင်လယ်ပြင် ဒရုန်းအရေအတွက် အများအပြား ထုတ်လုပ်မှုအတွက် တင်ဒါများ ခေါ်ထားသည်။
စစ်အေးကာလအတွင်း အမေရိကန်အစိုးရသည် မြန်နှုန်းမြင့်မှု၊ ထိန်းရန်လွယ်ကူမှုနှင့် လမ်းကြောင်းနိမ့်မှုတို့ ပေါင်းစပ်ခြင်းမှတဆင့် ဒုံးကျည်ဖျက် အကာအကွယ်များအပေါ် အနိုင်ယူနိုင်မည့် ဒုံးများဖြစ်သည့် ဟိုက်ပါဆောနစ် ဂလိုက် ယာဉ်များ ဖော်ဆောင်မည့် အားထုတ်မှုများကို စတင်ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စွန့်လွှတ်ခဲ့သည်။

ယမန်နှစ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အဆိုပါ လက်နက်များ ဖော်ဆောင်ထုတ်လုပ်မှုကို ပြန်လည်သက်ဝင်စေမည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု အက်ဥပဒေကို ကိုးကားမှီငြိမ်းခဲ့သည်။

ကနဦးတွင် နေတိုးအုပ်စု၏ စစ်မှု ကာကွယ်ရေးအပေါ် စီးနင်းလွှမ်းမိုးနိုင်သည့် များပြားသော ဆိုဗီယက် တင့်ကားများ၏ ရုတ်တရက် တိုက်ခိုက်မှုလုပ်နိုင်သည့် အန္တရာယ်ကို တုံ့ပြန်မည့် ပရိုဂရမ်ဖြစ်ခဲ့သော စစ်အေးခေတ် ကာလ Assault Breaker ပရိုဂရမ်ကို ကာကွယ်ရေး အဆင့်မြင့်သုတေသန စီမံကိန်းများ အေဂျင်စီ (DARPA) က ပြန်စလျက်ရှိသည်။ ထိုပရိုဂရမ်၏ မျှော်မှန်းမှုအရ စစ်မြေပြင်ပြင်ပမှ ပစ်လွှတ်သော ဒုံးကျည်များက ဆိုဗီယက် ယာဉ်တချို့ကို ၎င်းတို့ ရှေ့တန်းသို့ မရောက်မီ ဖျက်ဆီးရန် တိကျမှုဖြင့် လမ်းညွှန်သည့် submunition များကို ထုတ်လွှတ်လိမ့်မည်ဟု မျှော်မှန်းထားခြင်း ဖြစ်သည်။

နောက်ဆုံးပေါ် ပစ္စည်းကိရိယာများဖြင့် တိုးတက်အောင် ပြုပြင်ထားသည့် “Assault Breaker II” ပရိုဂရမ်သစ်က ဆိပ်ကမ်းရှိ တရုတ်စစ်သင်္ဘောများ သို့မဟုတ် လေတပ်စခန်းများ၌ ရပ်ထားသည့် တရုတ်စစ်လေယာဉ်များကို တိုက်ခိုက်ပြီး ကျူးကျော်သည့် အင်အား၏ အရွယ်အစားကို လျော့ကျစေခြင်းအတွက် သင့်တော်လိမ့်မည် ဖြစ်သည်။

တာဝေးပစ် သင်္ဘောဖျက်ဒုံးနှင့် ပူးတွဲ ဝေဟင်မှ မြေပြင်ပစ် Standoff ဒုံးများ ထုတ်လုပ်မှုကို တနှစ်လျင် ၅၀၀ မှ ၁,၀၀၀ သို့ တိုးမြှင့်ရန် ယမန်နှစ်က အမေရိကန်ကာကွယ်ရေးဌာနက Lockheed Martin ကုမ္ပဏီကို ဖိအားပေးခဲ့သည်။

အဓိကကျသည့် အမေရိကန် စစ်လက်နက်ထုတ်ဝန်ဆောင်မှုလုပ်ငန်း အားလုံးသည် ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ၎င်းတို့၏ လုပ်နိုင်စွမ်းများကို တိုးမြှင့်လျက် ရှိသည်။

အမေရိကန် စစ်တပ်သည် ပစိဖိတ်ဒေသတွင် ဟိုက်ပါဆောနစ် ဒုံးကျည်အမြှောက်စုများကို စီစဉ်စုစည်းလျက် ရှိသည်။ မရိမ်း ပင်လယ်ကမ်းခြေအနီး ဒေသတပ်ရင်းများ ထူထောင်ခြင်းနှင့်အတူ အမေရိကန် မရိမ်းတပ်ဖွဲ့သည် တရုတ်နှင့် စစ်ဖြစ်ပါက အမေရိကန်ရေတပ်ကို ထောက်ကူပံ့ပိုးရန် လေယာဉ်ပစ် ဒုံးများနှင့် သင်္ဘောဖျက် ဒုံးများ ပစ်ပြီး ဒရုန်းများ စစ်ဆင်မည့် ရှေ့တန်းတည်နေရာများ ထူထောင်ခြင်း ဆိုသည့် ပင်မ မစ်ရှင်သစ်တရပ်ကို ဖြည့်ဆည်းရန် ယင်းဘာသာ ပုံစံအသစ်သွင်းလျက် ရှိသည်။

အမေရိကန် ရေတပ်သည် အကွာအဝေး ပိုဝေးဝေး ရောက်ရှိသည့် သင်္ဘောဖျက် ဒုံးများကို အရေအတွက်များများ ရှိစေရေးအတွက် အရေးတကြီး လောဆော်တွန်းအားပေးထားသည်။ ဒုံးကျည် ပေးပို့မှု ပလက်ဖောင်းများ အရေအတွက်ကို တိုးမြှင့်ရန် အမေရိကန်ရေတပ်သည် ၂၀၂၂ ခုနှစ်တွင် P-8 စောင့်ကြည့်ထောက်လှမ်းရေး လေယာဉ်ကို စတင်ပြုပြင်မွမ်းမံခဲ့ပြီး ယင်းမှသာ ၎င်းတို့အနေဖြင့် သင်္ဘောဖျက်ဒုံးများကို ပစ်နိုင်မည် ဖြစ်သည်။

တူညီသည့် တနှစ်တည်းမှာပင် အမေရိကန်လေတပ်က ယင်းအနေဖြင့် C-17 နှင့် C0-130 ကဲ့သို့ ကုန်တင်လေယာဉ်များကို ခရုဇ် ဒုံးများ ပစ်လွှတ်၍ ရစေမည့် စနစ်တခုကို စမ်းသပ်လျက်ရှိသည်ဟု ကြေညာခဲ့သည်။ အဆိုပါ ပရိုဂရမ်နှစ်ခုစလုံးသည် တရုတ်နှင့် ဆက်နွယ်သည့် ဖြစ်လာနိုင်သော အရေးပေါ် အခြေအနေများအတွက် အမေရိကန်၏ အစီအစဉ်များနှင့် ဆက်နွယ်ပတ်သက်နေသည်။

တရုတ်က ယင်း၏ စစ်ရေးတည်ဆောက်မှုနှင့် ခေတ်မီအဆင့်မြှင့်တင်ခြင်းကို ဆက်လက်လုပ်ဆောင်နေချိန် ယခု အမေရိကန်၏ တဖက်စောင်းနင်း မဖြစ်အောင် အလေးတင်းသော asymmetric တုံ့ပြန်မှုများက ဒေသတွင်း ပဋိပက္ခတခုအဖြစ် တရုတ်ဘက်က ဆောင်ကြဉ်းမည့် ပလက်ဖောင်း အစုအဖွဲ့တို့ကို ပျက်စီးစေရန် အမေရိကန်နှင့် ယင်း၏ မိတ်ဖက်များ၏ လုပ်နိုင်စွမ်းများကို အခိုင်အလုံ မြှင့်တင်ပေးသည်။

ဝါရှင်တန်အနေဖြင့် asymmetric ဖြေရှင်းနည်းများကို လုပ်ဆောင်နေသည့် အရှိန်နှုန်းက အတော်လေး အထင်ကြီးစရာဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်များသည် ပေကျင်းဘက်က ယင်း၏ လက်နက်တိုက်တွင် နောက်ထပ် စစ်သင်္ဘောများနှင့် စစ်လေယာဉ်များ ထပ်ပေါင်းထည့်ခြင်းနှင့်အတူ တနည်းအားဖြင့် ရရှိနိုင်သည့် ယုံကြည်မှုအပေါ် ချေဖျက်ကောင်း ချေဖျက်နိုင်သည်။

စရိတ်စကကြီးပြီး အားနည်းချက်ရှိသော အရွယ်အစားကြီး ပလက်ဖောင်းများ ထုတ်လုပ်ခြင်းကို တဟုန်ထိုး မြှင့်တင်နိုင်စွမ်း မရှိခြင်းက အမေရိကန်၏ စီမံကိန်းရေးဆွဲသူများကို အမွေအနှစ် လက်နက်စနစ်များကို ကျော်လွှားပြီး PLA ၏ ဆန်းသစ်တီထွင်မှုကို တန်ပြန်နိုင်မည့် ဖြစ်နိုင်ခြေအားဖြင့် ပိုမို ထိ‌ရောက်သော နည်းလမ်းများနောက် လိုက်စေရန် တွန်းအားပေးဖွယ်ရာ ရှိသည်။

အမေရိကန်အနေဖြင့် ရေတိုတွင် PLA အပေါ် မဟာဗျူဟာ အားနည်းချက်များကို ကိုင်တွယ်မည့် နည်းလမ်းများ ရှာဖွေလျက် ရှိသော်လည်း ခိုင်မာတောင့်တင်းသည့် စစ်ဖက်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု အခြေခံတရပ် မရှိဘဲ ရေလတ်ကာလတွင် ဒေသတွင်း ဩဇာ ထိန်းသိမ်းခြင်းက ဖြစ်နိုင်ဖွယ် ရှိလိမ့်မည် မဟုတ်ပေ။ တကယ်တမ်းတွင် ဘက်မညီ လုပ်နည်းကိုင်နည်းများပင်တောင်မှ များပြားသည့် လက်နက် သိုလှောင်မှုများ လိုအပ်သည်။

၂၀၂၃ ခုနှစ်က ထုတ်ပြန်ဖော်ပြသည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှု စင်တာက ပြုစုသော အများအပြား ကိုးကားထားသည့် ထိုင်ဝမ်ရေလက်ကြား စစ်ရေးလေ့ကျင့်မှုများ၏ ရလဒ်များတွင် ထိုင်ဝမ်ကို သိမ်းပိုက်မည့် တရုတ်၏ ကြိုးပမ်းမှုတခုက မအောင်မြင် ကျရှုံးလိမ့်မည် ဆိုပြီး ညွှန်ပြခဲ့သည်။

သို့သော်လည်း အမေရိကန် စစ်တပ်ရော ၊ တရုတ် PLA စစ်တပ်ရောသည် ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ ထို့ပြင် ယုတ်စွအဆုံး ထိုရလဒ်က တရုတ်အတွက် နောက်ပိတ်ဆုံးတွင် အကျိုး၊အမြတ် တပန်းသာမှုတခုကို ရစေလိမ့်မည် ဖြစ်ပြီး အကြောင်းမှာ တရုတ်သည် ထုတ်လုပ်မှုပိုင်းအရ အားနည်းသည့် အမေရိကန်ထက် အတော်ပင် ပိုမိုမြန်ဆန်စွာဖြင့် ယင်း၏ တပ်ဖွဲ့များကို ပြန်လည်တည်ဆောက်နိုင်သည် ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။

ထိုသို့ဆိုလျင် ပေကျင်းကို ဒေသတွင်း၌ အတိုက်အခံမရှိသော မဟာဗျူဟာ ဦးဆောင်သူ နေရာကို ရယူနိုင်ခွင့်ရှိစေလိမ့်မည် ဖြစ်သည်။