မန္တလေးတွင် စက်သုံးဆီဆိုင်၌ မီးလောင်မှုဖြစ်ပြီး အိမ်စီးကားနှင့် ဆိုင်ကယ် မီးလောင် ဆုံးရှုံး

Photo – Than Htay

007

(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် ယနေ့ (မတ်လ ၄) ရက် ညနေပိုင်းက စက်သုံးဆီအရောင်းဆိုင်တခုအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အိမ်စီးကားတစီးနှင့် ဆိုင်ကယ်တစီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

“ဆိုင်အတွင်းဘက်အနောက်ဘက်မှာ လောင်တာ၊ ပေါက်ကွဲသံကြီးတွေနဲ့ဆိုတော့ အရပ်ထဲ တထိတ်တလန့် ဖြစ်သွားတာပါ၊ တခြားကူးစက်မှုတော့ မဖြစ်ခဲ့ဘူး၊ အိမ်စီးကားတစ်စီးနဲ့ ဆိုင်ကယ်တစီး မီးကျွမ်းသွားတယ်” ဟု မီးငြိမ်းသတ်ရာတွင် ပါ၀င်ခဲ့သည့်မီးသတ်၀န်ထမ်းတဦးက ပြောသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ၄၈ လမ်းနှင့် လမ်း ၁၁၀ ထောင့်ရှိ လိုတရ စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆိုင်အတွင်း လူရှင်းသည့်နေရာတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် လူထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ခြင်းဖြစ်ကြောင်း မီးလောင်သည့်နေရာ ရောက်ရှိခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတခုမှ တာ၀န်ရှိသူက ပြောသည်။

“မီးလောင်ပြီးမှ ကားကိုကူးစက်တာလား၊ ကားကနေ စလောင်တာလား မပြောနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

“ကားတစီးနဲ့ ဆိုင်ကယ်တစီးမီးလောင်သွားတာ တွေ့ခဲ့တယ်” ဟုလည်း အဆိုပါ လူမှု ကယ်ဆယ်ရေးအသင်း တာ၀န်ရှိသူကပြောသည်။

အဆိုပါမီးလောင်မှုကို Level 1 အဆင့် မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်ပြီးနောက် မိနစ်ပိုင်းအကြာတွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုအကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းကလည်းချမ်းအေးသာစံမြို့နယ် ၈၃ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ဆုအမည်ရ ကိုယ်ပိုင်အထက်တန်းကျောင်း အပေါ်ဆုံးထပ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါမီးလောင်မှုမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလန့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

စာတည်း။ ။ နောင်နောင်