တိုင်းနှင့်ပြည်နယ် ၇ ခု၌ နေ့အပူချိန်တိုးလာနိုင်

အဝေးပြေးလမ်းမတနေရာ၌ စျေးရောင်းချနေသူများအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နေ့လည်ပိုင်းက တွေ့ရစဉ်/ပုံ – Mizzima

ရောင်နီ

(မဇ္ဈိမ)။ ။ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် ခုနှစ်ခုတွင် နောက်နှစ်ရက်အတွင်း အပူချိန်မြင့်တက်လာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ မတ်လ ၅ရက်၌ သတင်းထုတ်ပြန်သည်။

နေ့အပူချိန်တိုးလာနိုင်သည်ဟု သတိပေးထားသည့် ဒေသများတွင် ရန်ကုန်တိုင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာ၀တီတိုင်းတို့ ပါဝင်နေသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ အပူပြင်းဆုံးကာလမှာ မတ်လနှင့် ဧပြီလဖြစ်ပြီးလတ်တလောကာလတွင်လည်း ဒေသအများစု၌ နေ့အပူချိန်များ မြင့်တက်နေကြောင်း သိရသည်။

“ ဒီလ(မတ်လ) အစပိုင်းလောက်ကစပြီး နေ့လယ်ဘက်အပြင်ထွက်ရင်ကို သိသိသာသာပိုပူလာတာ။ အပြင်ထွက်ရင် အဝတ်အစားတွေ လုံလုံခြုံခြုံဝတ်ပြီး သွားရတယ်။ တော်ရုံအရေးမကြီးတဲ့ ကိစ္စဆိုရင်တော့ ညနေဘက် နေအေးမှပဲ သွားတော့တယ်” ဟု ရန်ကုန်မြို့မှ အမျိုးသမီးတဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း နေပြည်တော်(ဇေယျာသီရိမြို့နယ်)၊ ပျဉ်းမနားမြို့၊ ချောက်မြို့၊ အောင်လံမြို့၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ လေးထပ်ပြင်မြို့နှင့် ဘားအံမြို့တို့တွင် ပုံမှန်ထည့်အပူချိန်မြင့်တက်ခဲ့ကြောင်းမိုးဇလက သတင်းထုတ်ပြန်ထားသည်။

မိုးဇလဌာန၏ မတ်လ ပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ နေပြည်တော်၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်ထက် အနည်းငယ်ပိုနိုင်ကြောင်း အသိပေးထားသည်။

အပူချိန်များ ပုံမှန်ထက်မြင့်တက်နေပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ကြုံတွေ့ရလေ့ရှိသောကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများအား ပိုမို ဂရုစိုက်ရန်လိုအပ်ကြောင်း ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုသည်။

စာတည်း – အေးချမ်း