မြဝတီ- ထို့ကော်ကိုးလမ်းတွင် ရက်ဆက်မိုးရွာသွန်းမှုကြောင့် လမ်းချော်မှုများ မကြာခဏဖြစ်ပွား

ပုံအညွှန်း- မြဝတီ- ထို့ကော်ကိုးလမ်းတွင် လမ်းချော်ကာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့စဉ်/ (ဓါတ်ပုံ- CJ)

YT

(မဇ္ဈိမ) ။ ။ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်သည့် မြဝတီ- ထို့ကော်ကိုးလမ်းတွင် အချိန်အခါမဟုတ် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လမ်းချော်မှုများဖြစ်ပွားပြီး ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ယာဉ်မောင်းများနှင့် KNU/ KNLA (PC) တပ်ဖွဲ့ဝင်တဦးထံက သိရသည်။

” အဓိက မိုးရွာလို့။ မိုးရွာတော့ လမ်းပျက်လို့ တချို့ကလည်း လမ်းပိတ်ထားတယ်။ တချို့ကလည်း လမ်းတော့ ဖွင့်တယ် ခရီးကြာတယ် ဆိုပြီး ကားသမားအချင်းချင်းပေါ့ ပြောကြတာ။ ကျွန်တော်တော့ ကားမထွက်ဘူး ပျက်စီးရင် ပြင်ရတာနဲ့ ရတဲ့ပိုက်ဆံနဲ့ မကိုက်လို့” ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ နေ့စဉ် ရက်ဆက် မိုးရွာသွန်းမှုကြောင့် မြေသားခင်းလမ်းဖြစ်သည့် မြဝတီ- ထို့ကော်ကိုးလမ်းတလျှောက်တွင် လမ်းပျက်စီးကာ သွားလာသည့်ယာဉ်များ မကြာခဏ လမ်းချော်မှု ဖြစ်ပွားနေခြင်းဖြစ်သည်။

လမ်းချော်မှုများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုများပါ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ယာဉ်များအား အလှည့်ကျသာ သွားလာခွင့်ပြုထားကြောင်း KNU/ KNLA (PC) တပ်ဖွဲ့ဝင်တဦးထံက သိရသည်။

” လမ်းက အကွေ့အကောက်လည်းများတယ်၊ တောင်အတက်အဆင်းတွေကလည်း ကြမ်းတော့ မိုးရွာရင် ခဏခဏ လမ်းချော်ပြီး ကားတွေ ဆိုင်ကယ်တွေ မှောက်တယ်။ ဒီရက်ထဲ မိုးရွာတာများတော့ လမ်းချော်တာတွေ ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ မလိုလားအပ်တာတွေ မဖြစ်ရအောင် ကားတွေကို ဖြည်းဖြည်းချင်းပဲ လွှတ်ပေးတာပါ” ဟု KNU/ KNLA (PC) တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်တဝိုက် ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် ထိုင်း- မြန်မာ နယ်စပ် ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် အာရှလမ်းအား သွားလာခွင့်ပိတ်ထားခဲ့၍ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များသည် မြဝတီ- ထို့ကော်ကိုး တောလမ်းအား အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)