ပုဏ္ဍားကျွန်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗျူဟာမှူး၊ တပ်ရင်းမှူးများပါသေဆုံး

002

ရခိုင်ပြည်နယ်ပုဏ္ဍားကျွန်းမြို့ရှိ ခြေမြန်တပ်ရင်း အမှတ် (၅၅၀) ကို ထိုးစစ်ဆင်သိမ်းပိုက်သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့်အရာရှိများပါ သေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA)က ပြောသည်။

(၅၅၀) တပ်ရင်းမှ ဗျူဟာမှူးဖြစ်သူ DSA အပတ်စဉ် (၄၂)ဆင်း ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ ဗိုလ်မှူးစောထွေး၊ ခြေလျင်တပ်ရင်း (၂၀၈) မှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်တို့ နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် “အမြောက်အများ” ကို ၁၃ ရက်ကြာတိုက်ပွဲအတွင်း အသေရခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် အရှင်ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိပြီး အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို အသက်ချမ်းသာပေးပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည်ဟု AA က ဆိုသည်။

ခမရ (၅၅၀) တပ်ရင်းအား AA က ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့တွင် အောင်လံစိုက်ထူခဲ့သည်။

စစ်ကောင်စီက မတ် ၃ ရက်၊ နံနက် ၈ နာရီခန့်တွင် ဇက်သင်္ဘော နှစ်စင်းဖြင့် စစ်ကူပို့သော်လည်း AA ၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှ ဟန့်တားနိုင်ခဲ့ကြသည်။ စစ်ကူဇက်သင်္ဘော နှစ်စင်းကို ထပ်မံကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘောတစင်းလည်း တိုက်ခိုက်ခံရပြီး ရှေ့မတိုးနိုင်ဖြစ်ခဲ့ရသည်။

စစ်ကောင်စီက လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း အဆုံးတွင် စခန်းလက်လွှတ်ခဲ့ရသည်။

စစ်တွေမြို့နှင့် အဖြောင့်တိုင်းလျှင် ၂၄ ကီလိုမီတာ၊ ကားလမ်းခရီး ၃၇ ကီလိုမိီတာကျော်သာကွာဝေးသော ပုဏ္ဏားကျွန်းမြို့မှာ ရခိုင်ပြည်နယ်တွင်စစ်ကောင်စီတပ်ကင်းစင်သည့် ခုနစ်မြို့မြောက်ဖြစ်လာခဲ့သည်။