IEC ကလွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၅ ဦးကို ထောင် ၂ နှစ်နှင့် ငွေဒဏ်ချမှတ်

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က လွိုင်ကော် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်းငါးဦးကို ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

“ပါမောက္ခအပါအဝင် ငါးဦးပေါ့နော် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ ဒဏ်ငွေ ကိုးသိန်းစီ ချမှတ်လိုက်ပါတယ်။ တရားလိုဘက်ကနေ တင်သွင်းလာတဲ့ စွဲဆိုမှုနဲ့ တရားရုံးမှာ စီစစ်ပေါ်ထွက်ချက်အရ ကျနော်တို့က ထောင်ဒဏ်ချမှတ်လိုက်တာပါ” ဟု ကရင်နီပြည်နယ် တရားရုံးချုပ်၏ ပြည်နယ်တရားသူကြီး ခူးပိုးရယ် ကမဇ္ဈိမကို ပြောသည်။

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် နှင့် ဒုတိယ ပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ဝန်ထမ်း ငါးဦးကို ကရင်နီပြည် ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

လွိုင်ကော်တက္ကသိုလ်မှ ထိန်းသိမ်းထားသည့် ဝန်ထမ်းများကို ခံဝန်ထိုးကာ နယ်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးခဲ့စဉ်

မတရားအသင်း အက်ဥပဒေ ပုဒ်မ(၁၇) အပိုဒ်ခွဲ(၁) အရ ထောင်ဒဏ် နှစ်နှစ်နှင့် ဒဏ်ငွေများ ချမှတ်ခံထားရသည့် ပါမောက္ခချုပ်အပါအဝင် ငါးဦးကို အကျဉ်းထောင်တွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

“အမိန့်ချလိုက်ပြီ။ သူတို့ကိုတော့ ထောင်မှာ ထားရမှာဖြစ်တယ်” ဟု ပြည်နယ်တရားသူကြီး ခူးပိုးရယ်က ပြောသည်။

လွိုင်ကော်တက္ကသိုလ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တက္ကသိုလ်ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအတွင်း လွိုင်ကော်တက္ကသိုလ်အတွင်းရှိ Non CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် စုစုပေါင်း ၂၀၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်း Non CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို IEC မှ “Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးမှုများ ဆောင်ရွက်ပြီး ၁၉၃ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခံဝန်လက်မှတ်ရေးထိုးစေကာ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ကရင်နီပြည် IEC က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်းငါးဦးကို တရားရေးဌာနသို့ လွှဲပြောင်းပြီး စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်နေသည့် တပ်မိသားစုဝင် သုံးဦးကို စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ ဆောင်ရွက်ရန် စစ်ခုံရုံးသို့ လွှဲပြောင်းကာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လွိုင်ကော်တက္ကသိုလ် တိုက်ခိုက် သိမ်းပိုက်ခြင်းတွင် စစ်ကောင်စီ၏ ခမရ(၄၂၅) တပ်ရင်း တရင်းလုံးနီးပါးနှင့် ခမရ(၆) တပ်ရင်း တဝက်နီးပါး သေဆုံးခဲ့ပြီး ကျန်ရှိနေသည့် ခမရ(၆) မှ တပ်ခွဲမှူးကောင်းမြတ်ကို ဦးဆောင်ကာ စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြကြောင်း KNDF က ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ