ဆီဆိုင်မြို့ရှိ ရွှေဟင်္သာဘုရား ဗုံးကြဲခံရမှုကြောင့် သံဃာတော်နှင့်ကပ္ပိယ ထိခိုက်ဒဏ်ရာရ

ကျောက္ကဆျားကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအားတွေ့ရစဉ်။(ဓာတ်ပုံ-PNLA)

001

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ အနောက်မြောက်ဘက်ရှိ ရွှေဟင်္သာဘုရား ဒရုန်းဖြင့် ဗုံးကြဲခံရသည့်အတွက် ဘုရားကုန်းတွင် သီတင်းသုံးနေသည့် သံဃာတော် တပါးနှင့် ကပ္ပိယတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ယမန်နေ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်သည်။

မတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က ရွှေဟင်္သာဘုရားကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ရွှေဟင်္သာဘုရားသည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ၏ ခလရ (၄၂၃) အနောက်ဘက် တပ်ဧရိယာအတွင်း ပါဝင်ပြီး အဆိုပါနေရာတွင် စစ်ဘေးရှောင်အချို့လည်း နေထိုင်နေကြောင်း ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ကူညီနေသူတဦးက ပြောသည်။

“တပ်ကဧရိယာ အကျယ်ကြီးသိမ်းထားပြီးတော့ အဲ့ဒီနေရာကတော့ ဘုန်းကြီးကျောင်း ဆောက်ထားတာပေါ့။ အဲ့ဒီလိုဖြစ်နေတယ်။ စစ်ရှောင်တွေ ရှိတော့ ရှိတယ်။ ဘယ်လောက်‌လောက်ရှိလဲ ကျွန်တော်လည်းမရောက်ဘူး။ အဲ့ဒီမှာ ပစ်ကွင်းနယ်မြေဆိုတော့ ကျွန်တော်လည်း မသွားဘူး” ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်း ဆီဆိုင်မြို့နှင့် ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်ဒေသတကြောတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

မတ်လ ၁၅ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာရှိ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခံရပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ကိုရင်နှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းဝန်းအပါအဝင် ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားကျေးရွာတွင်လည်း မတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျေးရွာအတွင်းရှိ နေအိမ် လေးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက ဆီဆိုင်မြို့ အရှေ့မြောက်ဘက်ခြမ်းရှိ ထမ်းယံကျေးရွာတွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်ပြီး ဟိုပုန်းမြို့နယ်၊ကျောက္ကဆျား ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်နှင့် ဟိုပုန်းမြို့နယ် အပြင် ပင်လောင်းမြို့နယ်ရှိ တောင်မဲသင်းရွာနှင့် ဆောင်းပြောင်းရွာများအထိတိုက်ပွဲများ ရှိနေသည်ဟု PYO ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ