ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာဟုဆို

ပုံအညွှန်း- စမ်းချောင်းမြို့နယ်တွင် စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။(ပုံဟောင်း)

ပုံအညွှန်း- စမ်းချောင်းမြို့နယ်တွင် စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။(ပုံဟောင်း)

ရောင်နီ

(မဇ္ဈိမ)။ ။ရန်ကုန်တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း၏ အစွန်ဆုံး မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွနှင့် အချို့မြို့နယ်များတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ လမ်းထဲမှာဆို အမျိုးသားတွေပဲ စုနေတဲ့ အဆောင်အခန်းရှိတော့ မကြာခဏ ဧည့်စာရင်းလာစစ်တာ ကြုံရတယ်။ အဆောင်နေတဲ့ အထဲ တိုင်းရင်းသားလေးတွေပါတော့ ဧည့်စာရင်းတိုင်ထားတာတောင် ရစ်တာ ခံကြရတယ်” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင်လည်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ခရမ်း PDF တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က သတင်းအရ ပိတ်ဆို့ဖမ်းဆီးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

“ဖမ်းဆီးခံလိုက်ရတဲ့သူတွေက မြေပြင်သတင်းအခြေအနေတွေကို သတင်းပို့ပေးနေတဲ့ ရဲဘော်တွေပါ။ တယောက်က ခရမ်း သုံးခွကျောက်တန်း ကားလမ်းမပေါ်မှာ အဖမ်းခံလိုက်ရတယ်။ နောက်တယောက်ကတော့ ဝပ်ကျင်းအိမ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်” ဟု ခရမ်းPDF တပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွါးက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသည့် ရဲဘော်နှစ်ဦးမှာ အသက် ၂၅ နှစ်နှင့် အသက် ၃၀ နှစ်ကြား ရှိသူများဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်တန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ခန်းမအတွင်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဆက်စပ်သည်ဟုဆိုကာ ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံ ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးကာ စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

“ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်နှစ်ဦးနဲ့ ဆက်စပ်တယ်ဆိုပြီး မဆိုင်တဲ့ ပြည်သူတွေကိုပါ ဖမ်းနေတာရှိတယ်။ လက်ရှိဖမ်းဆီးခံထားရတာ ၁၀ ယောက်ပတ်ဝန်းကျင်ပါ။ အတိအကျတော့ မသိရပါသေးဘူး” ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခြင်းခံရပြီးနောက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ အန္တရာယ်ကို အထူးသတိပြုရှောင်ရှားကြရန် ခရမ်းPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရန်ကုန်တိုင်းအတွင်း ယခုလ(မတ်လ) ၈ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က စီမံချက်ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ပြီး ဖမ်းဆီးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံတဝှမ်းလုံးတွင် လူငယ်အများအပြား ဖမ်းဆီးခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် အချို့မြို့ကြီးများတွင် ည ၇ နာရီနောက်ပိုင်း လူသွားလူလာရှင်းလင်းကာ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ