မြန်မာ – စစ်အာဏာသိမ်းမှု ၃ နှစ်နှင့် ပြည်တွင်းစစ်

ပုံဟောင်း (ဓာတ်ပုံ − AFP)

Om Prakash Das          

အကျဉ်းချုပ်

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို လက်မခံ၊ အငြင်းပွားလျက်ဖြင့် မြန်မာစစ်တပ်သည် ၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းယူခဲ့ရာတွင် နိုင်ငံတဝန်း ပျံ့နှံ့ပေါ်ပေါက်သော လူထုအုံကြွမှုနှင့် လက်နက်ကိုင် ခုခံတော်လှန်မှုကို အစပျိုး ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများ ရှိသော်ငြား မြန်မာသည် အကြမ်းဖက်မှုတွင် ဆက်လက် နစ်မြုပ်နေပြီး နိုင်ငံ၏ အနာဂတ် လမ်းကြောင်းနှင့်ပတ်သက်သည့် မေးခွန်းများနှင့် ဆုံးဖြတ်ချက်တို့အတွက် အလားအလာမျှော်လင့်ချက်တို့ကလည်း မသေချာမရေရာဘဲ ရှိနေသည်။

မိတ်ဆက်

၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ် (တပ်မတော်) သည် ၂၀၂၀ ပြည့်နှစ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ် အနိုင်ရရှိသော ရွေးကောက်ပွဲ အောင်ပွဲရလဒ်ကို ခါးခါးသီးသီး ငြင်းပယ်ပြီး အစိုးရကို ထိန်းချုပ်မှု ရယူခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည် ဆိုသည့် စွပ်စွဲခြင်းက အကျပ်အတည်းတခုကို ရုတ်တရက် ဖြစ်စေခဲ့ပြီး ယင်းတွင် စစ်တပ်က ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြုပြီး အစိုးရအပေါ် ထိန်းချုပ်ကာ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုလက်ခံရန် ငြင်းဆန်ခဲ့သည်။ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ပျံ့နှံ့ပေါ်ပေါက်သည့် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု၊ ဆန္ဒပြမှုများနှင့် လက်နက်ကိုင် ခုခံတော်လှန်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

ပြည်တွင်းစစ်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အတိုက်အခံ တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေပြုအမတ်ဟောင်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြသည်။ NUG သည် ခုခံတော်လှန်မှုကို ဆော်ဩစည်းရုံးရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ဟု သိကြသည့် တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို ချိတ်ဆက်ညှိနှိုင်းရန် လုပ်ဆောင်သည်။ PDF သည် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့ အမျိုးအစား သုံးခုအတွက် စုပေါင်း အသုံးအနှုန်းတခုဖြစ်ပြီး ယင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ (LDFs) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (PDTs) တို့ဖြစ်သည်။ PDFs များသည် NUG က အသိအမှတ်ပြု သို့မဟုတ် ဖွဲ့စည်းသည့် ပိုမိုကြီးမားသော လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့်အတူ ပူးတွဲကွပ်ကဲမှုစနစ်များအောက်တွင် လည်ပတ်လှုပ်ရှားသည်။  

၂၀၁၉ ဇွန်လတွင် လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ‘ညီနောင် မဟာမိတ် သုံးဖွဲ့’ ဆိုသည့် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ညီနောင် မဟာမိတ်သုံးဖွဲ့သည် မြန်မာ စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်တော်လှန်ရာတွင် ၂၀၂၃ ၌ ထင်ပေါ်ကျော်ကြားခဲ့သည်။ ၂၀၂၃ ၊ အောက်တိုဘာ ၂၇ တွင် ညီ‌နောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ထိုစစ်ဆင်ရေးသည် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အာဏာသိမ်းစစ်အုပ်စုအပေါ် ထိုးစစ်တခု ဆင်နွှဲခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အခြားသော တော်လှန်ရေးအဖွဲ့များသည် နိုင်ငံ၏ ကြီးမားသော နယ်မြေအစိတ်အပိုင်းတခုကို ထိန်းချုပ်ထားနိုင်သည်။

ပြည်တွင်း သဘောကွဲလွဲမှုများအကြား အမျိုးမျိုးကွဲပြားသော အတိုက်အခံ အဖွဲ့အစည်းများသည် အတူပေါင်းစည်းကြပြီး စစ်ရေးမဟာဗျူဟာနှင့် စပ်လျဉ်း၍ မကြုံစဖူးသော အတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်မှုတရပ်ကို ရရှိခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်သော ကြိုးပမ်းအားထုတ်မှုက နိုင်ငံ၏ နယ်မြေ သုံးပုံနှစ်ပုံ၌ ချဲ့ထွင်နိုင်စေခဲ့ပြီး ၎င်းတို့၏ ရန်သူများအပေါ် သိသာထင်ရှားသည့် အောင်ပွဲများကို ရရှိစေခဲ့သည်။

ပြည်တွင်းစစ်က ကြီးလေးသည့် လူသားချင်းစာနာမှု အကျပ်အတည်းကြီးတခုကို ရုတ်တရက် ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိတွင် လူပေါင်း ၂ ဒသမ ၆ သန်းကျော်သည် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထားကြရပြီး အဆိုပါ နေရပ်စွန့်ခွာရသူများအနက်  ၈၀၀,၀၀၀ နီးပါးသည် ၂၀၂၃ အောက်တိုဘာလကုန်နောက်ပိုင်း နေရပ်စွန့်ခွာခဲ့ကြရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။ အိန္ဒိယတွင် ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှ လာသည့် လူ ၅၉,၂၀၀ ခန့်သည် ၂၀၂၁ ဖေဖေါ်ဝါရီနောက်ပိုင်း အကာအကွယ်ခိုလှုံခွင့် တောင်းခံရယူထားကြသည်။ ၎င်းတို့အနက် လူ ၅,၅၀၀ ခန့်သည် နယူးဒေလီတွင် ရှိနေပြီး UNHCR တွင် စာရင်းသွင်းမှတ်ပုံတင်ထားကြသည်။

အာဏာသိမ်းမှုဖြစ်ပြီး တနှစ်အတွင်း မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့များကြောင့် လူပေါင်း ၁,၆၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး စစ်အုပ်စု လုံခြုံရေးတပ်ဖွဲ့များသည် လူပေါင်း ၁၂,၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။  စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကနဦး လပေါင်း ၂၀ ကာလအတွင်း အရပ်သား ၆,၀၀၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့၏ အစီရင်ခံစာတရပ်အရ သိရသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် အရပ်သား ၈,၀၀၀ ထက်မနည်း လွှမ်းခြုံပါဝင်လျက် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၅၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု လက်နက်ကိုင် ပဋိပက္ခ တည်နေရာနှင့် ဖြစ်စဉ် ဒေတာအချက်အလက် စီမံကိန်း (ACLED) အရ သိရသည်။

၂၀၂၄၊ ဖေဖေါ်ဝါရီ ၁၉ ရက်အထိ နိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၆,၁၄၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မြန်မာအရ သိရသည်။ ၎င်းတို့ထဲတွင် အမျိုးသမီး ၄,၀၀၀ နီးပါးနှင့် ကလေး ၃၀၀ ဦးထက်မနည်း ပါဝင်သည်။ ၂၀၂၃ ဖေဖေါ်ဝါရီလအထိ ဂျာနယ်လစ် လေးဦးထက်မနည်း သေဆုံးခဲ့ရပြီး ဂျာနယ်လစ် ၁၄၅ ဦးခန့် ဖမ်းဆီးခံခဲ့ရကာ ခန့်မှန်းခြေအားဖြင့် ဂျာနယ်လစ် ၆၈ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ စုံစမ်းလေ့လာမှု ဂျာနယ်လစ်ဇင် ကွန်ရက်က ဖော်ပြသည်။

စစ်အုပ်စု၏ မခိုင်မာ‌သော အနေအထား

၁၀၂၇ စစ်ဆင်ရေးတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ မြင့်တက်မှုကို တွေ့မြင်ခဲ့ရပြီး ၂၀၂၃ အောက်တိုဘာလနောက်ပိုင်း သေဆုံးမှု ၅၅၄ ခုကျော်နှင့်အတူ သိသာများပြားသည့် အရပ်သား သေကျေထိခိုက်ဒဏ်ရာရရှိမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂက မှတ်တမ်းအထောက်အထားများအရ သိရသည်။ စစ်တပ်၏ လုပ်ရပ်များကြောင့် သေဆုံးခဲ့ရသည့် အရပ်သား စုစုပေါင်းအရေအတွက်သည် ၁,၆၀၀ ကို ကျော်လွန်ခဲ့ပြီး ယင်းက ယခင်နှစ်၏ ၃၀၀ ဝန်းကျင်ထက် သိသိသာသာ မြင့်တက်ခြင်းလည်းဖြစ်သည်။ ၂၀၂၃ နိုဝင်ဘာတွင် ကရင်နီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့တခုက ကယား (ကရင်နီ) ပြည်နယ်တွင် ‘စစ်ဆင်ရေး ၁၁၁၁’ ဟု ခေါ်သည့် လွတ်လပ်သော ထိုးစစ်တခုကို စတင်ခဲ့သည်။

တပြိုင်နက်တည်းတွင် ရက္ခိုင့်တပ်တော် (AA) သည် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကရင်နီတပ်ဖွဲ့များနှင့် စည်းလုံးညီညွတ်စွာဖြင့် ရခိုင်ပြည်နယ်တွင် များပြားသည့် စစ်တပ် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး နှိုင်းယှဉ်နိုင်သော အောင်မြင်မှုများကို ရရှိခဲ့သည်။ ထို့ပြင် မြန်မာအာဏာသိမ်းစစ်တပ်သည် ချင်း၊ ကချင်နှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားဆဲ ထိုးစစ်များနှင့် ရင်ဆိုင်ရပြီး ဖြုတ်ချခံအစိုးရက ထူထောင်သည့် NUG အစိုးရ၏ လက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသော အမျိုးမျိုးကွဲပြားသည့် PDF များက တနင်္သာရီတိုင်းဒေသတွင် လှုပ်ရှားပြီး တောင်ပိုင်း ညီနောင် တပ်ပေါင်းစုကို ထူထောင်ခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် အဓိကမြို့ကြီးများကို ဆက်သွယ်သည့် ဗဟို(အလယ်) စင်္ကြံတခုမှလွဲပြီး နိုင်ငံ၏ နယ်မြေအများစုကို ထိန်းချုပ်မှု လက်လွှတ်ဆုံးရှုံးထားရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ခုခံတော်လှန်ရေး တပ်ဖွဲ့များသည် လက်ရှိတွင် ပြည်နယ်ခုနစ်ခုနှင့် အခြားဒေသငါးခု၏ အစိတ်အပိုင်းများ အပါအဝင် နိုင်ငံ၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည်။ ယုတ်စွအဆုံး ၎င်းတို့သည် အိမ်နီးချင်းနိုင်ငံများထံ ဦးတည်သော အဓိကကျသည့်လမ်းတချို့ကို ထိန်းချုပ်ထားသည်။ ယင်းက မြန်မာနိုင်ငံအတွင်း ပါဝါ အင်အားတွင် သိသာထင်ရှားသည့် အရွေ့အပြောင်းတခုကို ညွှန်ပြသည်။ မည်သို့ပင်ဆိုစေ၊ မြန်မာစစ်တပ်သည် နိုင်ငံတကာနှင့် ပြည်တွင်း စိန်ခေါ်မှုများ ရှိသော်လည်း မျိုးဆက်များတလျောက် ဒဏ်ခံနိုင်မှုနှင့် အလိုက်သင့်ပြောင်းလဲမှုကို ပြသခဲ့သည်။ ယင်းသည် အကျိုးအမြတ်များ ဝေငှဖြန့်ဖြူပေးသည့်၊ စုပေါင်းရည်မှန်းချက်များဆီသို့ အရာရှိ ရည်မှန်းချက်များကို စီမံခန့်ခွဲ့သည့် အင်စတီကျူးရှင်းဆိုင်ရာ စနစ်တခုမှတဆင့် ညီညွတ်မှုရှိရေး ထိန်းသိမ်းသည်။

စစ်မြေပြင် ဆုံးရှုံးမှုများ( အရေးနိမ့်မှုများ) ၏ ဖြစ်ပွားမှု ပမာဏက စစ်အုပ်စု၏ မတည်မငြိမ်ဖြစ်စေမှုကို ရုတ်တရက် ဖြစ်စေရန်နှင့် စစ်အုပ်စု  ပြိုလဲမှု ဖြစ်နိုင်ခြေအလားအလာကို တိုးမြင့်စေမည့် အလားအလာ ရှိသည်။ ယင်းကဲ့သို့ အရေးနိမ့်မှုများက စစ်တပ် (တပ်မတော်) အတွင်းရှိ ပျော့ကွက်အားနည်းချက်များကို ဖွင့်ဟထုတ်ဖော်ရုံသာမကဘဲ စစ်တပ်၏ တွေ့ဆမိနိုင်သော ကန့်သတ်ချက်များအပေါ် အသုံးချမည့် နောက်ပိုင်း ခုခံတော်လှန်ရေးအဖွဲ့များ၏ ချဉ်းနင်းတိုက်ခိုက်မှုကို လှုံ့ဆော်မည့် အလားအလာ ရှိသည့်အတွက် ဆုံးရှုံးအရေးနိမ့်မှုများကို ပိုဆိုးစေသည်။ စစ်တပ်၏ ဆုတ်ဆိုင်းမှုများက တပ်တွင်း စိတ်ဓာတ်ကျစေခြင်း၊ တပ်ဖွဲ့များ စည်းလုံးမှု အားနည်းစေခြင်းနှင့် ဘက်ပြောင်းခိုလှုံမှု မြင့်တက်ခြင်းတို့ကို ဦးတည်စေကြောင်း သတင်းများက မှတ်ချက်ပြုသည်။ ၁၀၂၇ စစ်ဆင်ရေး စပြီးနောက်ပိုင်း စစ်အုပ်စု၏ စစ်သား ၄,၀၀၀ ကျော် ဘက်ပြောင်း သို့မဟုတ် လက်နက်ချအညံ့ခံခဲ့ပြီး ယင်းက ၂၀၂၁ အာဏာသိမ်းပြီးနောက် ဘက်ပြောင်းခိုလှုံခဲ့သူ ၁၄,၀၀၀ ဦးနှင့် ထပ်ပေါင်းစေခဲ့သည်။

၂၀၂၃ အောက်တိုဘာ စစ်ဆင်ရေးက အာဏာသိမ်းစစ်အုပ်စု၏ အာဏာဆုပ်ကိုင်ထားမှုအပေါ် သိသာထင်ရှားစွာ စိန်ခေါ်ခဲ့သည်။ စစ်သား ၅,၅၀၀ ကျော်နှင့် ဗိုလ်ချုပ် ၁၀ ဦး သေဆုံးပြီး မြို့ပေါင်း ၃၀ ကျော် သိမ်းပိုက်ခံခဲ့ရသည်။ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည် ရယူနိုင်မှု မရှိခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများနှင့် မီးရှို့မှုကဲ့သို့ လူမဆန်သော နည်းနာများကို တိုးမြှင့် ကျင့်သုံးခြင်းတို့အရ အားနည်းနေသည့် စစ်အုပ်စုက လူထု ထောက်ခံမှုနှင့် နယ်မြေထိန်းချုပ်မှုကို ဆုံးရှုံးနေသည့် လက္ခဏာများကို ပြသနေသည်။ အာဏာသိမ်းစစ်အုပ်စုသည် လူအများမကြိုက်သော စစ်ပွဲတခုအကြား သေကျေဒဏ်ရာရမှုများနှင့် ဘက်ပြောင်းခိုလှုံမှုများ မြင့်တက်ခြင်းကို လက်ရှိတွင် ရင်ဆိုင်နေရပြီး ယင်းအနေဖြင့် လူ့စွမ်းအား ရှားပါးမှုကို ဖြေရှင်းရန် မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်း ကဲ့သို့ လက်ခံနိုင်ဖွယ် မရှိသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ချိန်ဆစဉ်းစားရသည့် အခြေအနေကို ရောက်ရှိစေခဲ့သည်။ သို့သော် အတင်းအကျပ် မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်းအပေါ် လူငယ်ထုအကြား တုံ့ပြန်မှုဖြစ်စဉ်များက ပြသနေသလိုပင် အဆိုပါ ဆောင်ရွက်ချက်က သိသာထင်ရှားသည့် နိုင်ငံရေး အရဲစွန့်ရမှုများကို ဖြစ်ပေါ်စေသည်။

စစ်တပ်သည် ယင်း၏ စစ်အရာရှိများ၏ စူးစိုက်နှစ်မြှုပ်မှုကို ထိန်းသိမ်းရန် အတွေးအမြင်စနစ်ဆိုင်ရာ သစ္စာစောင့်သိမှုနှင့် ငွေကြေး မက်လုံးများကို အသုံးချသည်။ ၂၀၂၁ အာဏာသိမ်းချိန်အထိ မြန်မာစစ်တပ်၏ တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်သည့် သိသာထင်ရှား‌သော တပ်တွင်း သဘောကွဲလွဲမှု မရှိခဲ့ပေ။သို့သော် အာဏာသိမ်းပြီးနောက် ခန့်မှန်းခြေအားဖြင့် စစ်သားနှင့် ရဲ ၁၀,၀၀၀ ခန့်သည် စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်လျက်ဖြင့် “ပြည်သူ့ဘက်” ပူးပေါင်းရင်း ဘက်ပြောင်းခိုလှုံခဲ့ကြသည်။

အာဏာသိမ်းစစ်အုပ်စုအပေါ် ဆန့်ကျင်သည့် အင်အားစုများနှင့် အတွင်းပိုင်း အယူအဆကွဲပြားမှုများ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် PDFs များသည် မြန်မာ၏ အနာဂတ်အတွက် မတူညီသော အမြင်များ ရှိပြီး အာဏာခွဲဝေမှုနှင့် ၎င်းတို့၏ သက်ဆိုင်ရာ အတွေးအမြင် ရပ်တည်ချက်များကို အလွန်အကျွံမဖြစ်‌အောင် လုပ်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။ မြန်မာ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် လွတ်လပ်စွာ လှုပ်ရှားပြီး တပြိုင်နက်တွင်းမှာပင် ၎င်းတို့သည် စစ်တပ်ကို ဖယ်ရှားရေးနှင့် စပ်လျဉ်းသည့် အဓိကလိုအပ်ချက်ကို သဘောတူကြသည်။ သို့သော် ၎င်းတို့၏ အဆုံးသတ် ရည်မှန်းချက်များက သိသာထင်ရှားစွာ မတူကွဲပြားသည်။ EAO များသည် လွတ်မြောက်ခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ရည်မှန်းပြီး PDFs များသည် ဒေါ်အောင်ဆန်းစုကြည် အောက် ဒီမိုကရေစီစနစ် မူလအတိုင်း ပြန်ထားရေးအတွက် ဆန္ဒပြင်းပြကြသည်။

အဆိုပါ ကိစ္စရပ်များ ရှိလင့်ကစား NLD ကဲ့သို့ ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် ‘နွေဦးတော်လှန်ရေး’ ဟု သိကြသည့် ပြုပြင်ပြောင်းလဲမှုတရပ်ကို ဦးဆောင်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်ပြီး ကျယ်ပြန့်သော ခုခံတော်လှန်ရေး တပ်ဦးဖြစ်သည့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် ၂၀၂၁ ဧပြီလတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်သစ်တခုကို အတည်ပြုထုတ်ပြန်ခဲ့သည်။ အဆိုပါ ပဋိညာဉ် ထုတ်ပြန်ကြေညာခြင်းက  စစ်တပ်အုပ်ချုပ်မှုအပေါ် လူထု ခုခံဆန့်ကျင်မှုတွင် အဆင့်သစ်တခုနှင့် မြန်မာ့ နိုင်ငံရေးကို ပြန်လည်တည်ဆောက်မည့် အားထုတ်မှုများကို အမှတ်အသားပြုသည်။ ယင်း ပဋိညာဉ်က တိကျသော ကိစ္စရပ်များကို မည်သို့ ချဉ်းကပ်ရန် လိုအပ်သလဲ ဆိုသည်နှင့်ပတ်သက်သည့် မေးခွန်းများကို ကိုင်တွယ်ဖြေရှင်းသလို ကြားကာလ အင်စတီကျူးရှင်းများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်မှု ကြိုးပမ်းမှုများကို ထောက်ကူမည့် ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ စဉ်းစားသုံးသပ်ချက်များကို မီးမောင်းထိုးပြသသည်။

မြန်မာက ဘယ်ကို ဦးတည်နေသလဲ

အာဏာသိမ်းစစ်အုပ်စုနှင့် စစ်အုပ်စုကို ဆန့်ကျင်သော အဖွဲ့များအကြား ရှည်ကြာသည့် လက်နက်ကိုင်ပဋိပက္ခက ဖြစ်အံ့ဆဲဆဲ ပြေလည်ဖြေရှင်းမှု ရရှိမည့် လက္ခဏာ မရှိသေးပေ။ ၂၀၂၄ ဇန်နဝါရီတွင် စစ်အုပ်စု အကြီးအကဲ မင်းအောင်လှိုင်သည် ‘အရေးပေါ် အခြေအနေ’ ကြေညာမှုကို ထပ်မံသက်တမ်းတိုးခဲ့ပြီး စစ်တပ်အနေဖြင့် နိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိရေး လိုအပ်သည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို လုပ်ဆောင်မည်ဆိုပြီး အခိုင်အမာ ဆိုသည်။ ၂၀၂၃ ဒီဇင်ဘာကမူ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ‘ပြည်သူများ၏ အသက်ဘဝများကို စဉ်းစားပေးရန် လိုအပ်သည်’ ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပန်ကြားတောင်းဆိုခဲ့သလို အဆိုပါ EAOs များအနေဖြင့် ၎င်းတို့၏ ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် လိုသည်ဟု ပြောဆိုခဲ့သည်။

စစ်အုပ်စု၏ ရပ်တည်မှုအနေအထားက စစ်အုပ်စု၏ ဖြစ်အံ့ဆဲဆဲ ပြိုလဲမှုနှင့် စပ်လျဉ်းသည့် စိုးရိမ်ပူပန်မှုကို ညွှန်ပြနေကြောင်း NUG က ရှုမြင်သည်။ စစ်အုပ်စုသည် ‘မြေပြင်တွင် ဆိုးဆိုးဝါးဝါး ရှုံးနေပြီး ထွက်ပေါက်လမ်းတခုကို ရှာရန် ကြိုးစားနေကြောင်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မည် မဟုတ်ဘဲ ၎င်းတို့အနေဖြင့် ရွေးကောက်ခံအစိုးရတရပ်အောက်တွင် ရှိရလိမ့်မည် ဆိုပြီး စစ်တပ်ဘက်က အာမခံပါက စစ်မှန်‌သော ဆွေးနွေးမှုများ ရှိလိမ့်မည်’ ဟု NUG က ပြောသည်။

အစိုးရအနေဖြင့် နယ်စပ်ဒေသရှိ ဖြစ်စဉ်များကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်း မရှိခဲ့ပါက နိုင်ငံသည် အပိုင်းပိုင်း ကွဲသွားနိုင်သည် ဆိုသည့် စိုးရိမ်ပူပန်မှုများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတခုတွင် ထုတ်ဖော်ခဲ့ကြောင်း ၂၀၂၃ နိုဝင်ဘာလက စစ်အုပ်စု လိုလားသည့် သတင်းထုတ်ဝေမှုတခုတွင် မှတ်ချက်ပြုသည်။ စစ်အုပ်စု ဆန့်ကျင်သော အင်အားစုများက ရှေ့သို့ တက်လှမ်းစဉ် မြန်မာတွင် ဆက်စပ်လွှမ်းခြုံနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြုပြင်ပြောင်းလဲမှု ရည်မှန်းချက်များနောက် လိုက်သည့် အမျိုးမျိုး‌ကွဲပြားသော EAOs များ ၏ ပေါင်းစည်းညီညွတ်မှုက မေးစရာ ရှိလိမ့်မည်ဖြစ်သည်။ EAOs များအနေဖြင့် စုပေါင်း အမြင်သဘောထားအတွက် ၎င်းတို့၏ ညီညွတ်မှုကို ထိန်းထားမည်လား သို့မဟုတ် ၎င်းတို့အနေဖြင့် အခြား အဖွဲ့များထက် ယှဉ်ပြီး ပိုများသော ရင်းမြစ်များ၊ အထူးအခွင့်အရေးများနှင့် အခွင့်အာဏာ လုပ်ပိုင်ခွင့်တို့အတွက် ဖက်ပြိုင်မည်လား။ အဖွဲ့များအကြား ယှဉ်ပြိုင်မှုက ဘော်လ်ကန်နိုက်ဇေးရှင်း၏ ဘေးအန္တရာယ်များကို ပိုဆိုးစေနိုင်သည်။

NUG နှင့် သိသာအရေးပါသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဘောင်ခတ်ထားသော ဒီမိုကရေစီကို တိကျပြတ်သားစွာ ဆန့်ကျင်လျက်ဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ခြင်းကို ထောက်ခံထားသည်။ သို့သော် စစ်အုပ်စုကို ဆန့်ကျင်သော အမျိုးမျိုးကွဲပြားသည့် အဖွဲ့များအကြား လုပ်ပိုင်ခွင့်အာဏာနှင့် ရင်းမြစ်များ သာတူညီမျှ ဖြန့်ဝေမှုနှင့် စပ်လျဉ်းသည့် ပဋိပက္ခအလွန် ဖြစ်နိုင်ဖွယ်ရာ စိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများက ဆက်ရှိနေသည်။ အဆိုပါ အဖွဲ့များသည် ၎င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်မှုကို အခိုင်အမာ ဆိုရန်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ကို ရှာဖွေရန်နှင့် နိုင်ငံ၏ အတန်ကြီးသော ရင်းမြစ်များ၏ အစိတ်အပိုင်းတခုကို ရယူရန် စိတ်အားထက်သန်သည်။

EAOs  များသည် လက်ရှိတွင် မြန်မာ၏ ကုန်းမြေထု၏ ၅၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံပါဝင်လျက်ဖြင့် နယ်မြေထိန်းချုပ်မှုများကို ချဲ့ထွင်ရန် ကြိုးပမ်းရင်း စစ်တပ် (တပ်မတော်)၏ လက်ရှိ အားနည်းချက်များအ‌ပေါ် အသုံးချရန် ရှိနေသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ အဓိကမြို့ပြအချက်အချာနေရာများရှိ ခုခံတော်လှန်ရေး လှုပ်ရှားမှုများသည် နိုင်ငံ၏ အစွန်အဖျားပိုင်း ဒေသများ၌ ခုခံတော်လှန်ရေးအဖွဲ့များ လှုပ်ရှားသလို တူညီသည့် အောင်မြင်မှုလယ်ဗယ် ရရှိရန် လုပ်ရဦးမည် ဖြစ်သည်။ သို့သော်လည်း လက်နက်ကိုင်ခုခံတော်လှန်ရေးအဖွဲ့များကြောင့် စစ်အုပ်စုအနေဖြင့် သတိပြုမိလောက်အောင် ထင်ရှားသည့် ဆုံးရှုံးအရေးနိမ့်မှုများ ဖြစ်ပေါ်ထားနိုင်ပြီး ယင်းတို့က ဖြစ်နိုင်ဖွယ်ရာအားဖြင့် ယင်း၏ အထက်တန်းလွှာ ဂိုဏ်းအုပ်စုများအကြား အာဏာဟန်ချက်များကို မတည်မငြိမ် ဖြစ်စေနိုင်သည်။

နိဂုံး သုံးသပ်ချက်

မြန်မာ၌ များမကြာသေးခင်က ဖြစ်စဉ်များအရ စစ်အုပ်စုအနေဖြင့် ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရယူနိုင်မည့် ဖြစ်နိုင်ခြေ အလားအလာနည်းပါးနေသည်ကို ညွှန်ပြနေသည်။ စစ်အုပ်စုသည် လက်ရှိတွင် မြို့များကို ထိန်းချုပ်ခြင်းကို ဆက်ထိန်းထားခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ခုခံကာကွယ်ခြင်းအပေါ် အာရုံစိုက်လျက်ဖြင့် ခံစစ်အနေအထားတခုတွင် အကာအကွယ်ယူထားရသည်။ ပြည်တွင်းစစ်က မြန်မာ၏ အဓိကမြို့ပြအချက်အချာနေရာများအထိ ထပ်မံ၍ အရှိန်မြင့်ကောင်း မြင့်စေမည့် အလားအလာတခုလည်း ရှိနေသည်။ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် နိုင်ငံတကာ၏ ဖိအားပေးမှုတို့ ဆက်ရှိနေသော်လည်း စစ်အုပ်စု ဆန့်ကျင်သော အင်အားစုများအတွင်း ညှိနှိုင်းဆွေးနွေးမှုများကို လက်ခံမည့် အလားအလာများက နည်းပါးနေပြီး နိုင်ငံတကာ ထောက်ပံ့မှုက အကန့်အသတ်ရှိနေသည်။ အရေးကြီးသည်မှာ ခုခံတော်လှန်ရေးအဖွဲ့များက နိုင်ငံရေး ပေါင်းစည်းမှုနှင့် ဒီမိုကရေစီ ဖက်ဒရယ် ဖွဲ့စည်းတည်ဆောက်ပုံတခုအတွက် အသင့်ရှိမှုကို ပြသထားပြီး ယင်းက ဖြစ်နိုင်ခြေအားဖြင့် မြန်မာ့ နိုင်ငံရေးအနာဂတ်လမ်းကြောင်းကို ပြန်လည်ပုံဖော်ပေးနိုင်သည့် အချက်တခုဖြစ်သည်။

(*Mr Om Prakash Das သည် နယူးဒေလီရှိ ကာကွယ်ရေး လေ့လာမှုနှင့် စိစစ်အကဲဖြတ်မှုဆိုင်ရာ Manohar Parrikar အင်စတီကျူ့မှ သုတေသနအသင်းဝင် ဖြစ်သည်)

(ဤဆောင်းပါးတွင် ဖော်ပြသည့် အတွေးအမြင်များသည် ဆောင်းပါးရှင်၏ အာဘော်သက်သက်သာ ဖြစ်သည်)