ကလေးမြို့ မြောက်ပိုင်း ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

ပုံအညွှန်း - ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ / ဓါတ်ပုံ - PDF - Kalay

ပုံအညွှန်း – ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ / ဓါတ်ပုံ – PDF – Kalay

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ကလေးမြို့မြောက်ပိုင်းတွင် မတ်လ ၅ရက်နှင့် ၆ရက်က နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့များဘက်၌လည်း ထိခိုက်မှုရှိကြောင်း ဒေသကာကွယ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။

ကလေးမြို့မြောက်ပိုင်းသို့ အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

မတ်လ ၅ရက်နေ့ ဆည်ကြီးတောတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ကလေး၊ ကဘော် ၊ဂန့်ဂေါ (CDF – KKG) တပ်ရင်း (၇) မှတပ်စုမှူး Suan Sai Khai (ခ) Tlaung ကျဆုံးခဲ့ကြောင်း CDF-KKGက မတ်လ ၇ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။

မတ်လ ၆ရက်နေ့က နန်းစောင်းပုရွာသစ်၌ ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးပြီး PDF – Kalay တပ်ရင်း (၆) မှ ရဲဘော် တဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုများနှင့်ပတ်သတ်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရရှိသေးပေ။စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားရာသို့ အင်အားများဖြည့်တင်းထားပြီး လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်လျက်ရှိကြောင်း ကာကွယ်ရေးသတင်းမြစ်များထံမှ သိရသည်။

ကလေးမြို့မြောက်ပိုင်းရှိ ကံကြီး၊ကံသာရွာအခြေစိုက်စစ်ကောင်စီတပ်စခန်းများကို
ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ယခုအခါ စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်လာခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

ယခုအခါ ကလေးမြို့မြောက်ပိုင်း၌ စစ်ရေးတင်းမာနေသောကြောင့် ကံသစ်၊ကံသာယာ၊ကံကြီး၊ ပျော်ဘွယ်ကြီး၊စုံလာမြိုင်၊နန်းစောင်းပုရွာသစ်၊နန်းစောင်းပုရွာဟောင်း ၊ နန်းဟန်နွဲ့ရွာများရှိ ဒေသခံများ တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်က ကလေးမြို့အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)လက်အောက်ခံတပ်ဖွဲ့များတပ်စွဲထားသော စက္ကန့်ရွာ၊ကံကြီးရွာနှင့်ကံသာရွာမှစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကလေးမြို့ မြောက်ပိုင်းရော တောင်ပိုင်းတွင်ပါ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

ကလေးမြို့ပတ်ဝန်းကျင်နှင့် မြို့အတွင်းသို့ စစ်ရေးအရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ မလို လားအပ်သည့် အသက်အိုးအိမ်စည်းစိမ်ထိခိုက်နစ်နာမှုများမဖြစ်စေရန် ပြည်သူများအနေဖြင့် မြို့အတွင်းမှထွက်ခွာရန်နှင့် စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ခိုလှုံကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သတိပေးထားသည်။
ကလေးမြို့နှင့်ချင်းပြည်နယ်ဆက်သွယ်ထားသော သိုင်းငင်းလမ်းမကြီးကိုလည်း စစ်ဆင်ရေးအခြေအနေအရ မတ်လ ၃ရက်နေ့မှစတင်ပြီး အသုံးမပြုကြရန် CDF – CDM Siyinက ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း