ဗန်းမော်တက္ကသိုလ်မှ ဝန်ထမ်းများနှင့်ကျောင်းသားများကို နေရာပြောင်းခိုင်းပြီး စစ်ကောင်စီတပ်စွဲ

ဓာတ်ပုံ- ပုံဟောင်း

ဓာတ်ပုံ- ပုံဟောင်း

အဂမ်

(မဇ္ဈိမ)။ ။ဗန်းမော်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများအပါအဝင် ကျောင်းသူ၊ကျောင်းသားများကို စစ်ကောင်စီက နေရာပြောင်းရွှေ့ခိုင်းလိုက်ပြီး တက္ကသိုလ်ဝင်းအတွင်း တပ်စွဲလိုက်ကြောင်း မြို့ခံသတင်းရင်းမြစ်များက ပြောသည်။

ဗန်းမော်လေဆိပ်အနီးရှိ တက္ကသိုလ်ဝင်းအတွင်းမှ စုစုပေါင်း လူဦးရေ ၆၀၀ နီးပါးကို ယမန်နေ့ မတ်လ ၇ရက် ည ၇နာရီခန့်တွင် စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ပြီး ညတွင်းချင်း ဝင်ရောက်တပ်စွဲခြင်းဟု သိရသည်။

” လေဆိပ်နားကတော့ အားလုံးရွှေ့လိုက်ပြီ။ တချို့ကိုက စစ်ကားနဲ့တင်ပြီး ပြောင်းပေးလိုက်တာဟုတ်တယ်။ ကျောင်းဆောင်မှာ နေနေကြတဲ့ ကလေးတွေကျတော့ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် ပြန်သွားတာလည်းရှိတယ်” ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများအပါအဝင် ကျောင်းသူ၊ကျောင်းသားများကို မြို့အထွက် ၃ မိုင်ရှိ နည်းပညာတက္ကသိုလ်သို့ စစ်ကောင်စီက ပို့ဆောင်ပြီး တချို့သည် မိမိအစီအစဥ်ဖြင့်သာ ပြောင်းရွှေ့ရခြင်းဟုသိရသည်။

ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး မြစ်ကြီးနား- ဗန်းမော်လမ်းတလျှောက် စစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီက ဗန်းမော်လေဆိပ်ကိုအသုံးပြု၍ လက်နက်နှင့်ရိက္ခာများအား ထောက်ပို့မှုပြုလုပ်ခဲ့သည်။

ထိုထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အ တွက် ဗန်းမော်မြို့လေဆိပ်ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးများအပြင် လက်နက်ကြီးများနှင့်ပါ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ လေဆိပ်ပြေးလမ်းအပါအဝင် လေဆိပ်ဆောက်အအုံအချို့ထိခိုက်ခဲ့သလို လေဆိပ်ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်မှုရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ လက်ရှိတွင် ဗန်းမော်လေဆိပ်သည် စစ်ရဟတ်ယာဥ်မှလွဲပြီး အခြားလေယာဥ်များဆင်းသက်၍ မရနိုင်ကြောင်းနှင့် လေဆိပ်နှင့် လေဆိပ်သို့သွားသည့် လမ်းများကို ပိတ်ထားလိုက်ပြီဟု သိရသည်။

ထို့အပြင် ဗန်းမော်မြို့အဝင်အထွက်ဂိတ်များဖြစ်သောနမ့်ဖားဂိတ်၊နောင်ပိုဂိတ်၊ မိုးမောက်မြို့ဘက်သို့သွားသည့် ကျောက်စခန်းဂိတ်များကိုလည်း ပိတ်ထားသည်ဟု သိရသည်။

လက်ရှိတွင် ဗန်းမော်မြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီ ယမန်‌နေ့ ညနှင့် ယနေ့နံနက်၌ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း