သင်္ဃန်းညီနောင်မြို့သစ် ဘိုးဘွားရိပ်သာပေါ် ဗုံးသီးကျရောက်ပေါက်ကွဲကာ ၂ သေဆုံး၊ ၈ ဦး ဒဏ်ရာရ

ပုံအညွှန်း- ဒဏ်ရာရ သက်ကြီးပိုင်းအချို့အား တွေ့ရစဉ် (ဓါတ်ပုံ- လူမှုကွန်ရက်)

ပုံအညွှန်း- ဒဏ်ရာရ သက်ကြီးပိုင်းအချို့အား တွေ့ရစဉ် (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်ရှိ ဘိုးဘွားရိပ်သာပေါ် ယနေ့ မတ်လ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဗုံးသီးကျရောက်ပေါက်ကွဲကာ သက်ကြီးပိုင်း အမျိုးသားနှစ်ဦး သေဆုံး၍ ရှစ်ဦး ဒဏ်ရာရသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“လေယာဉ်ကကြဲတဲ့ ဗုံးဆံတွေ ထိတာ။ အားလုံး ၁၀ ယောက်၊ သေဆုံးတာနှစ်ယောက်။ ခါးတွေလည်းထိတယ်။ ပေါင်တွေလည်းထိတယ်။ တော်တော်ထိကုန်တာ။ တယောက်ကတော့ ကျွန်တော်တို့သယ်ထုတ်နေတုန်း သတိလစ်သွားတယ်။ ကျန်တဲ့ယောဂီတယောက်ဆို ပေါင်ပါ ပြတ်ထွက်သွားတာ။နည်းတာမဟုတ်ဘူး အနက်ကြီးပဲ” ဟု ဒေသတွင်းလူမှုကူညီရေး အသင်းဝင်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် ရိပ်သာအတွင်းရှိ သက်ကြီးပိုင်းအမျိုးသားနှစ်ဦးသေဆုံး၍ သက်ကြီးပိုင်း အဖိုးအဖွား ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူများအား လက်ရှိတွင် မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ထားရပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းထံက သိရသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်မှ ကြဲချသည့် ဗုံးသီးနှစ်လုံးသည် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်၊ ကုန်သွယ်ရေးဇုန်အနီး၊ ရွာသစ်ထိပ်၊ သဘာဝတရားရိပ်သာဆေးရုံအတွင်းရှိ အဆောင်နှစ်ခုပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ ယနေ့ မတ်လ ၈ ရက် နံနက်ပိုင်းတွင်လည်း မဲကနယ်ကျေးရွာအုပ်စု၊ အေးသုခကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ငါးနှစ်အရွယ် ကလေးတဦး၊ ခုနစ်နှစ်အရွယ် ကလေးတဦးနှင့် အမျိုးသားတဦး စုစုပေါင်း သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။

“ခလရ(၂၇၅) နားမှာ အေးသုခဆိုတဲ့ ရွာရှိတယ် အဲ့ဒီရွာက ကလေးနှစ်ယောက်နဲ့ လူကြီးတယောက်ထိတာ”ဟု ဒေသခံတဦးက ပြောသည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့မှစ၍ သင်္ဃန်းညီနောင်မြို့သစ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၅၅) ကို တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ ယနေ့ မတ်လ ၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကာ ခလရ (၂၇၅) မှလည်း လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့ကလည်း သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ သင်္ဃန်းညီနောင်၊ရွာသစ်မှ ဒေသခံအမျိုးသမီးတဦး သေဆုံး၍ သုံးဦး ဒဏ်ရာရထားပြီး နေအိမ်ထိခိုက် ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ