ဒိုက်ဦးထောင်တွင် ဆေးဝါးကုသခွင့်လုံလောက်စွာမရသည့် နိုင်ငံရေးအကျဉ်းသား သေဆုံး

ဓာတ်ပုံ-မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ လူမှုကွန်ရက်စာမျက်နှာ

001

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး ဆေးဝါးကုသခွင့်လုံလောက်စွာ မရသည့်အတွက် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

သေဆုံးသွားသူမှာ ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့၊ ကတွတ်ကျေးရွာတွင်‌ နေထိုင်သည့် အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လက ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၂ (က)၊ ၅၀ (ည)တို့ဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံထားရသူဖြစ်ကြောင်း PPNM ကဖော်ပြသည်။

PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “ ကျွန်တော်တို့ သိထားရတာက အဲ့ဒီနေ့မှာ သူက အဓိကက ဗိုက်ပြဿနာပေါ့။ အစာအိမ်ပြဿနာပုံစံမျိုးပေါ့။ သူအရမ်းအောင့်တယ်။ ဗိုက်မကောင်းဘူးပေါ့။ ဝမ်းချုပ်တာလည်းပါတယ်ပေါ့။ ဗိုက်တွေတော်တော်အောင့်ပြီးအော်နေရတာ။ ညတညလုံးအော်နေရတယ်‌ပေါ့။ အဲ့ဒီလိုမျိုးနဲ့ပဲ ဆုံးသွားတယ်”ဟုပြောသည်။

ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတဦးကလည်း ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ဒိုက်ဦးထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားတဦး၏ ရုပ်အလောင်းသယ်ထုတ်သွားသည်ကို မြင်တွေ့လိုက်ရသူများရှိကြောင်း ပြောသည်။

၎င်းက “ ၆ ရက်နေ့က အလောင်းသယ်ထုတ်သွားတာတွေ့တယ်တဲ့။ အသက်ရှုကြပ်တယ်ဆိုပြီးတော့ သေသွားတာတဲ့။ အဲ့ဒီလိုပဲ သူတို့(ထောင်ဘက်)ကတော့ သတင်းထုတ်ထားတယ်တဲ့”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီကမူ အဆိုပါကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

ဒိုက်ဦးထောင်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ တလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရသည့်အတွက် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးအထိရှိကြောင်း PPNM ကဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒိုက်ဦးထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုမရရှိခဲ့သည့်အတွက် အသက် ၆၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအေးဝင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအထိရှိလာနေပြီဖြစ်ကြောင်းလည်း PPNM က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး