ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရွှေ့ပြောင်းခြင်းများ နှင့် တရုတ် ပိုမိုရင်ဆိုင်ရဖွယ်ရှိ

Daily Asian Age

၂၀၀၈ အမေရိကန် စီးပွားပျက်ကပ်ထက် ပိုမိုဆိုးဝါးသော ပေါက်ကွဲလုနီး အိမ်ခြံမြေကဏ္ဍ နှင့် ကြွေးမြီ အကျပ်အတည်းသည် တရုတ်စီးပွားရေးကို ကြီးမားစွာ ထိခိုက်စေသည်။ ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့် အနိုင်ရပါက တရုတ်သည် စိုးရိမ်ပူပန်မှု အသစ်များနှင့် ရင်ဆိုင်ရနိုင်သည်။ ထရန့် သည် ၎င်း၏ ပထမသက်တမ်းတွင် တရုတ်အပေါ် အခွန်အကောက်စစ်ပွဲကို ဆင်နွှဲခဲ့သည်။ ယခုတကြိမ်တွင် တရုတ်သွင်းကုန်အားလုံးအပေါ် ၆၀ % စည်းကြပ်မည်ဟု ကတိပြုထားသည်။ ထိုကဲ့သို့ ကြီးမားသော အခွန်စည်းကြပ်မှုသည် အမေရိကန်-တရုတ် ကုန်သွယ်မှု ဒေါ်လာ ၅၇၅ ဘီလီယံ ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း Bloomberg သတင်းဌာနက ဆိုသည်။

ထရန့် ၏ ကုန်သွယ်ရေးအခွန်စည်းကြပ်မှု ၂ ဒသမ ၀ သည် တရုတ် ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမည်ဖြစ်သည်။ “ဒေါ်နယ်ထရန့်၏ ယခင်အခွန်စည်းကြပ်မှုသည် တရုတ်၏ စီးပွားရေးကို အနည်းငယ်မျှသာ ပျက်စီးစေခဲ့သော်လည်း ယခုအခါ တရုတ် အတွက် ပိုမိုခက်ခဲလာနိုင်သည်။ သမ္မတဟောင်း ထရန့် ထပ်မံအရွေးခံရပါက အခွန်ပိုတိုးလာမည်ဟု ခြိမ်းခြောက်နေသည်။ ပြီးခဲ့သောအချိန်က ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် အကောက်ခွန် တိမ်းရှောင်ခြင်း ပေါ်တွင် အကျိုးသက်ရောက်မှုသည် နောက်တကြိမ်တွင် ပိုမိုထိခိုက်လာနိုင်သည်။ နောက်ထပ် အကောက်ခွန်စည်းကြပ်မှုများသည် တရုတ် ထုတ်ကုန်များ ထုတ်လုပ်မှုတွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာလိမ့်မည်” ဟု လန်ဒန်အခြေစိုက် အကြံပေးအဖွဲ့ Capital Economics က ဖေဖော်ဝါရီ ၂၃ တွင် ပြောကြားခဲ့သည်။

ယခု သမ္မတရွေးကောက်ပွဲတွင် ထရန့် က ဦးဆောင်နေ သည်။ “မတ်လလယ် ထိ ရီပတ်ဘလစ်ကန် သမ္မတလောင်း လျာထားမှုကို ဟန့်တားနိုင်ရန် ထရန့်သည် ကိုယ်စားလှယ် အလုံအလောက် ရရှိနေပြီး ယခုအချိန်အထိ အမည်စာရင်းတင်သွင်းသည့် ပြိုင်ပွဲတိုင်း၌ ကျယ်ကျယ် ပြန့်ပြန့် အနိုင်ရရှိထား” ကြောင်း Bloomberg က ဖော်ပြသည်။ သို့သော် ထရန့် အနိုင်မရလျှင်ပင် တရုတ်က စိုးရိမ်ပူပန်မှုများ နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲ အချေအတင် စကားဝိုင်းများသည် တရုတ်အပေါ် ပိုမိုပြင်းထန်သော ကုန်သွယ်မှုအစီအမံများ ပြုလုပ်ရန် သမ္မတ ဂျိုးဘိုင်ဒင်အား ဖိအားများ ပေးနေခြင်းကြောင့် ဖြစ်သည်။

‘တရုတ်အပေါ် တင်းတင်းကျပ်ကျပ်’ လုပ်ဆောင်ခြင်း သည် အမေရိကန်ရွေးကောက်ပွဲတွင် မဲ အသာရ နိုင်ကြောင်း သက်သေပြနေသည်။ ထရန့် ၏ မိန့်ခွန်းသည် ဘိုင်ဒင် အပေါ် ဖိအားများ တိုးလာနေသည်။ ၎င်းသည် ကွဲပြားခြားနားသော တိုးတက်မှုကို သိသာထင်ရှားစွာ မပြောင်းလဲနိုင်သော်လည် တရုတ်ကို ထိခိုက်စေသော နည်းပညာကန့်သတ်မှုများ ထပ်တိုးလာနိုင်သည်။ ၂၀၂၃ အောက်တိုဘာ တွင် ဘိုင်ဒင် အစိုးရသည် အမေရိကန်ကုမ္ပဏီများမှ တရုတ်သို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ခဲ့သည်။ ဘိုင်ဒင် အစိုးရသည် ကန့်သတ်ချက်အသစ်များ ချမှတ်လုပ်ဆောင်ရန် လေ့လာသူများက မျှော်လင့်နေကြသည်။

ဝယ်လိုအား နည်းလာနေပြီး ငွေကြေးဖောင်းပွမှု အခြေအနေတွင် ရှိနေသော တရုတ်စီးပွားရေးသည် ကောင်းမွန်စွာ ပြန်လည် ရပ်တည်နိုင်ရန် ခက်ခဲနေသည်။ ကန့်သတ်ချက်များနှင့် အကောက်ခွန် အတားအဆီးများသည် ပို့ကုန်အလားအလာကို ရိုက်ခတ်ပြီး ပြည်တွင်း ဝယ်လိုအား ကျဆင်းလာခြင်းနှင့် အတူ အိမ်ခြံမြေစျေးကွက် ပြိုလဲလာသည်။ တရုတ်စီးပွားရေး ပြိုလဲမှု သည် ပြည်တွင်းအသားတင် ထုတ်ကုန် (GDP) ၏ ၂၄ % နှင့် အိမ်ထောင်စု စုငွေ ၇၀ % ကျဆင်း မှု ပုံစံ ၂ မျိုးဖြင့် ရှိနေသည်။

အိမ်ခြံမြေ လုပ်ငန်းရှင်များ ၏ ချေးငွေ ပြန်ဆပ်ရန် ပျက်ကွက်မှုနှင့် ဒေသန္တရ အစိုးရများ၏ များပြားသော ဒေါ်လာ ၁၃ ထရီလီယံ ကြွေးမြီများကြောင့် တရုတ် ငွေကြေးစနစ် အလွန်အမင်း ပျက်စီးသွားသည်။ အကျပ်အတည်းမဖြစ်မီ ကာလတွင် လုပ်ငန်းရှင်များအား မြေယာရောင်းချမှုသည် ဒေသဆိုင်ရာ အစိုးရများအတွက် အဓိက ဝင်ငွေ အရင်းအမြစ်ဖြစ်သည်။ ဝင်ငွေစီးဆင်းမှု ကျဆင်းလာသည်နှင့်အမျှ ဒေသဆိုင်ရာ အစိုးရများသည် ဒေဝါလီခံ ကြပြီး စတော့ဈေးကွက် ပြိုကျသွားသည်။ ကမ္ဘာတဝန်းမှ တရုတ်စတော့ ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၁ ကတည်းက ပင် ဒေါ်လာ ခုနစ်ထရီလီယံ ဆုံးရှုံးခဲ့ကြသည်။

၎င်း အခြေအနေသည် ဝယ်လိုအား ကို ထိခိုက်စေခဲ့သည်။ တနှစ်ထက်တနှစ် တရုတ် စားသုံးသူ စျေးနှုန်းများ ပိုမိုကျဆင်းလာပြီး အခြေခံအားဖြင့် စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် ဇန်နဝါရီတွင် ၀ ဒသမ ၈ % ကျဆင်းခဲ့သည်။ ၎င်းသည် ၂၀၀၉ စက်တင်ဘာ နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ပြီး လေးကြိမ်မြောက် ဆက်တိုက်ကျဆင်းမှုဖြစ်သည်။ ၂၀၂၄ တွင် တရုတ်၌ ငွေကြေးဖောင်းပွမှု ၁ ဒသမ ၉ % ရှိမည်ဟု အွန်လိုင်း မီဒီယာ Visual Capitalist ခန့်မှန်းထားပြီး စီးပွားရေးကျဆင်းမှု ဒဏ် ခံခဲ့ရသော ဂျပန် ၏ ၂ ဒသမ ၆ % ထက်ပင် နည်းနေသည်။ Visual Capitalist သည် အချက်အလက်များကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် Knight Frank တို့မှ ရင်းမြစ်ရယူခဲ့သည်။

အတိုချုပ်ပြောရလျှင် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၃ က ပင် နှေးကွေးနေပြီး ၂၀၂၄ တွင် ဆက်လက် နှေးကွေးနိုင်သည်။ သို့သော် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံသည် ထိခိုက်နိုင်ဖွယ် အများဆုံး အခြေအနေ၌ ရှိနေသည်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တရုတ်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု လျှော့ချလာနိုင်ပြီး အခြား နိုင်ငံများသို့ ပြောင်းရွှေ့ နေရာချထားလာ နိုင်သည်။ ၂၀၂၄ တွင် အခြားနိုင်ငံများ ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပေါင်းစည်းလာနိုင်ကြောင်း Capital Economics က ခန့်မှန်းထားသည်။

အခြေအနေအရ အိန္ဒိယ ၏ စီးပွားရေး ဖွံ့ဖြိုးလာမှု နှင့် စတော့အညွှန်းကိန်း နှစ်ဆ တိုးလာမှု များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားသည် အိန္ဒိယသို့ ရွှေ့ပြောင်းလာကြသည်။ အိန္ဒိယ၏ နှစ်ရှည် ငွေချေးစာချုပ် ဝယ်လိုအား အလွန်များလာပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တဟုန်တိုး တက်လာသည်။ မော်တော်ကားရောင်းချရမှုမှာ စံချိန်တင်မြင့်မားနေပြီး ငွေကြေးဖောင်းပွမှုမှာ အလယ်အလတ် ၄ ဒသမ ၄ % ရှိမည်ဟု ခန့်မှန်းရသည်။ ယခုနှစ် မေ မှ ဇွန် အတွင်း အားကောင်းသည့် အစိုးရတရပ်သည် တတိယအကြိမ်မြောက် အာဏာပြန်ရနိုင်ဖွယ်ရှိသည်။ Apple Inc ဦးဆောင်သော ရင်းနှီးမြှုပ်နှံသူများသည် ၎င်း၏ iPhone ထုတ်လုပ်မှုကို အိန္ဒိယသို့ ပြောင်းရွှေ့နေသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မရေရာမှုများ ပြီးသွားသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှု ပိုမို မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။