ဝိုင်းမော်မြို့အနီးတိုက်ပွဲများအတွင်း အရပ်သား ထောင်နှင့်ချီ ပိတ်မိ

ရွှေနွယ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား−ဗန်းမော်လမ်းပိုင်းရှိ အောင်မြေ (၂) ရွာ၊ အောင်မြေ (၁)ရွာနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲများပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲများအတွင်း အရပ်သား ထောင်နှင့်ချီ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

မတ်လ ၉ ရက် ယမန်နေ့ နံနက် ၅ နာရီခန့်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ပြည်သူများမှာ ဝိုင်းမော်မြို့ပေါ်သို့ စစ်ဘေးရှောင်လိုသော်လည်း ထွက်ခွာခွင့်မရဖြစ်နေကြောင်း အောင်မြေ(၂)ကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

“ KIA တွေက အောင်မြေ(၁)စခန်းကိုတိုက်ပြီး သိမ်းလိုက်တဲ့ချိန် တစ်ချို့ KIA တွေက အောင်မြေ(၂)ရွာမှာ လာနားတယ်ထင်တယ်။ သတင်းကြားလို့ စကစတွေက စစ်ကြောင်းထိုးပြီး လာပစ်ကြတယ်။ မနေ့မနက် ၅ နာရီခွဲလောက်စပြီး ပစ်ကြတာ။ အိပ်ယာတောင်မထသေးဘူး၊ မိုင်းကြဲတော့ ကုတင်အောက်မှာပဲ ညနေ ၅ နာရီထိ မစားမသောက်ဘဲ နေလိုက်ရတယ်။

ညပိုင်းမှာတော့ ဘုန်းကြီးကျောင်းလာပြီး ရှောင်နေကြရ တယ်” ဟု အောင်မြေ(၂) ကျေးရွာမှ ဒေသခံက ပြောသည်။

ယမန်နေ့က အောင်မြေ(၁) ကျေးရွာရှိ စစ်ကောင်စီ၏ အင်လုံခတပ်စခန်းကို KIA တပ်ဖွဲ့မှ သိမ်းပိုက်လိုက် ခြင်းဖြစ်သည်ဟု ဒေသခံက ဆိုသည်။

လက်ရှိတွင် အောင်မြေ(၂) ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ဒေသခံ ၆၀၀ ခန့် စစ်ရှောင်အဖြစ် ရောက်ရှိနေပြီး ဝိုင်းမော်မြို့သို့ထွက်ခွာလိုသော်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသောကြောင့် ထွက်ခွာခွင့် မရသေးကြောင်းနှင့် စစ်ကောင်စီတပ်မှ ထွက်ခွာခွင့်မပေးကြောင်း ဒေသခံကပြောသည်။

“စစ်ကောင်စီတပ်က ပေးမထွက်တာဟုတ်ပါတယ်။ အခြေအနေမကောင်းတော့ မထွက်ခိုင်းဘူး။ လေ ကြောင်းနဲ့ လက်နက်ကြီး ပူပန်ရတယ်။ ဖြစ်နိုင်ရင် ထွက်သွားချင်တာပေါ့နော် ဒါပေမယ့် အခြေအနေက မကောင်းသေးလို့ ထွက်မရသေးတာ” ဟု အောင်မြေ (၂) ကျေးရွာမှ ဒေသခံကပြောသည်။

ယမန်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး သတင်းရယူသည့် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းနှင့် စစ်ကောင်စီမှ လေကြောင်းဝဲပျံမှုရှိနေကြောင်း ဒေသခံကဆိုသည်။

အလားတူ အောင်မြေ(၁)ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာမှဒေသခံများကလည်း ကျေးရွာအတွင်း ပိတ် မိနေပြီး ထွက်ခွာခွင့်မရသေးကြောင်း လူမှုကွန်ရက်တွင် ရေးသားမျှဝေလျက်ရှိသည်။

“ပိတ်မိပြည်သူတွေ အမြန်လွတ်မြောက်နိုင်ဖို့ ကြိုးစားကူညီနေပါတယ်။ ဒီတမနက်လုံး အခုချိန်ထိ မိမိကို ဘုန်းဘုန်း၊ အရှင်ဘုရား၊ စဝ် စသည့်ခေါ်သံမျိုးစုံနဲ့ ကချင်လည်းခေါ်၊ ရှမ်းလည်းခေါ်၊ ဘုန်းကြီးခေါ်နဲ့ ဝိုင်းမော်ကို ထွက်လို့ရအောင် ကယ်ပေးပါဦး PCG ကို ပြောပေးပါဦး ဘာညာ အသံတွေကို ပြန်ဖြေပေး နှစ်သိမ့်ပေးနေရတာ ရင်မောလှပါပြီ။ အခု စစ်တပ်ဖက်ကို PCG ကိုယ်တိုင်ပြောနေပါပြီ အောင်မြေ(၂)၊ ရွှေညောင်ပင်ရွာ ပြည်သူတွေ ဝိုင်းမော်ကိုထွက်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ အားတင်းထားကြပါ” ဟု ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာမှ ဝါရှောင်ဆရာတော်ကလည်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသား မျှဝေထားသည်။

ဒေသခံ၏ ပြောဆိုချက်အရ အောင်မြေ (၁) ကျေးရွာ၊ အောင်မြေ (၂) ကျေးရွာနှင့် ရွှေညောင်ပင် ကျေးရွာ တို့တွင် ပိတ်မိသူ ၃,၀၀၀ ခန့်ရှိနိုင်သည်ဟု ဆိုသည်။ မဇ္ဈိမအနေဖြင့် ထိုအရေအတွက်ကို သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဝိုင်းမော်မြို့နယ် အောင် မြေ(၂)ကျေးရွာမှ အသက် ၁၀၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကာ ကလေး ငယ်တစ်ဦးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ ကြား ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ စစ်ရေးတင်းမာနေပြီး မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်သည်။ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမမှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။စောဖေ