ချောင်းဦးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ရုပ်သံအညွှန်း – ဗုံးတပ်ဆင်ထားသည့် ဒရုန်းများလွှတ်တင်စဥ်
ရုပ်သံ – မုံရွာခရိုင်အမှတ်(၁၂) တပ်ခွဲ(၃)တပ်ရင်းလျှပ်စီးတပ်ခွဲ

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ က မတ်လ ၉ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။

ချောင်းဦး-မြင်းမူလမ်းဘေးရှိ ခရေဖြူဂိတ်နှင့် ချောင်းဦးမြို့နယ် စိုက်ကွင်းရုံးတို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းအသုံးပြုပြီး ဗုံးသီး ၂၅ လုံးဖြင့် မတ်လ ၉ ရက် နံနက် ၁၁နာရီ ၁၀ မိနစ် တွင် ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်အထိတော့ စစ်ကောင်စီတပ်သားတယောက်သေပြီး သုံးယောက် အပြင်းအထန်ရတယ်လို့ အတည်ပြုနိုင်ပါသေးတယ်။ နောက်ဆက်တွဲထိခိုက် သေဆုံးတဲ့အခြေအနေကိုတော့ အတည်မပြုနိုင် သေးပါဘူး” ဟု လျှပ်စီးတပ်ခွဲပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

အင်အား ၃၀ ဝန်းကျင်ရှိသော ချောင်းဦးမြို့နယ်စိုက်ကွင်းရုံးကို ဗုံးသီး ၁၅ လုံး၊ အင်အား ၂၀ ခန့်ဖြင့် လမ်း သွားလမ်းလာများကို စစ်ဆေးငွေအဓမ္မတောင်းခံနေသည့် ခရေဖြူဂိတ်ကို ဗုံးသီး ၁၀ လုံးချ၍ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တဦးသေဆုံးကာ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိသွား ပြီး ခရေဖြူဂိတ်မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗုံးချတိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ဗုံးချတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၂) တပ်ခွဲ(၃)တပ်ရင်းလျှပ်စီးတပ်ခွဲ ၊ Myaung Special People Defense Force (MSPDF) ၊ ရန်ရှင်းဒေသကာကွယ်ရေးအဖွဲ့ ၊ အမှတ်(၁၂) တပ်ရင်း ၂- ၃ -၄ နှင့် မုံရွာခရိုင် အမှတ်(၈)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ