အမ်းမြို့ရှိ အကျဥ်းသား၊အချုပ်သား ၅၀ နီးပါးကို အင်းစိန်​ထောင်သို့​ပြောင်း​ရွှေ့

အမ်းမြို့မရဲစခန်း

ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အကျဥ်းသား၊အချုပ်​သား ၅၀ နီးပါးကို မတ်လ ၂၄ရက်နေ့တွင်ရန်ကုန်တိုင်း အင်းစိန်ဗဟို အကျဥ်း​ထောင်သို့​ ပြောင်း​ရွှေ့ပို့​ဆောင်ခဲ့ကြောင်း သိရသည်။

“အခုမှရုံးတက်ခါစ အမှုရင်ဆိုင်​နေတဲ့ အချုပ်တရားခံ အကုန်ပါတယ်။​အမှုစုံ​ပေါ့။နောက်ပြီး​​ အမိန့်ကျတဲ့သူ​တွေကို တပ်ကလာခေါ်တာ သတင်းထဲတက်လာ​တော့ အကုန်လုံးကို ရန်ကုန်​ခေါ်သွား တယ်လို့ သတင်းအတိအကျ ရထားတယ်”ဟု တရားရုံးနှင့် နီးစပ်သည့်​ သတင်းရင်းမြစ်တဦးကပြောသည်။

ပို့​ဆောင်ခံရသူများမှာ နိုင်ငံ​ရေးအကျဥ်းသားများ၊ရာဇဝတ်မှု အကျဥ်းသားများနှင့် အမ်းမြို့မရဲစခန်းတွင် ချုပ်​နှောင်ထား​သောသူများ အပါအဝင် အမိန့်ကျပြီး​​နောက် တပ်အတွင်း​ခေါ်​ဆောင်သွားသည့် အကျဉ်းသားများလည်းပါဝင်သည်ဟု သိရသည်။

၎င်းတို့ကို အမ်းမြို့နယ်​တွင် တိုက်ပွဲစတင် ဖြစ်ပွား​ခဲ့သည့် မတ်လ ၂၄ရက်နေ့တွင် လေယာဥ်ဖြင့် ပို့​ဆောင်ခဲ့ခြင်းဖြစ်​ကြောင်း တရားရုံးနှင့် နီးစပ်သည့်​ သတင်းရင်းမြစ်တဦးက မဇ္စျိမကို​ပြောသည်။

အချုပ်သားများကို ပို့​ပို့​ဆောင်ပြီး​နောက် အမ်း-မင်းဘူးကားလမ်း ၊ အမ်း​တောင်ကြားလမ်းမှ အချုပ်သားများ​​အတွက် ရိက္ခာဆန်အိတ််များကို အမ်းမြို့မရဲစခန်းတွင် ကြိုတင်သို​လှောင်ထား​ကြောင်း ရဲစခန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“အမ်း-မင်းဘူး ကားလမ်းက​​နေ ဆန်​တွေထပ်မှာပြီး အချုပ်တရားခံ​တွေအတွက် မှာထားတဲ့ဆန်​​တွေကို ရဲစခန်းမှာ ရိက္ခာဆန်တွေ ကြို​မှာပြီးလှောင်ထားတယ်။ဟို​နေ့က အမ်းမှာတိုက်ပွဲဖြစ်​တော့ ရိက္ခာပြတ်ရင်သူတို့(စစ်​ကောင်စီတပ်ဖွဲ့)စားဖို့ ဖူလုံဖို့ထင်တယ်”ဟု ၎င်းက​ပြောသည်။

တ​ကျော့ပြန်တိုက်ပွဲ​နောက်ပိုင်း အမ်းမြို့တွင် အမိန့်ကျပြီး​​သော အကျဥ်းသားအချို့ကို တပ်တွင်းသို့​ခေါ်​ဆောင်မှုများရှိနေပြီး တ​ကျော့ပြန်တိုက်ပွဲ မစခင်အချိန်က အမိန့်ကျပြီး​သော သူများကို စစ်​တွေမြို့သို့​လေယာဥ်ဖြင့် ပို့​ဆောင်ထားသည့်အခြေအနေရှိသည်ဟုလည်း သိရသည်။

လက်ရှိအ​နေအထားအရ အမ်းမြို့ရှိ အချုပ်သား၊အကျဥ်းသားများသာ​ ပြောင်း​ရွှေ့ပို့​ဆောင်ခြင်းဖြစ်​ကြောင်း သိရသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး သုံးမိုင်အကွာ ပြောင်သေ ကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ မတ်လ ၂၄ ရက်မှ ယ​နေ့အထိနှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွါးနေပြီး ပြောင်​သေ၊လုံး၊ဂယ်​လောင်း​ ကျေးရွာတို့၌ တိုက်ပွဲပြင်းထန်​နေ​ကြောင်း​ ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွား​နေစဥ်အတွင်း ယင်း​ပြောင်​သေ​ကျေးရွာနှင့်အနီးတဝိုက်ရှိ အမ်းမြို့မှ တပ်တောင်သွားသည့် ကားလမ်းတလျှောက် ကျေးရွာများကို စစ်​​ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်​​​​နေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့ကိုးမြို့ကို သိမ်းပိုက်ထားနိုင်သည့် ရက္ခိုင့်တပ်​​တော်(AA)၏ ထိုးစစ်အရှိန်သည် ​
အမ်းမြို့နပခအနီးသို့ တိုက်ပွဲ​ဖော်​ဆောင်​နေပြီဖြစ်ရာ လက်ရှိတွင် အမ်းမြို့နယ် အပါအဝင် ဘူးသီး​တောင်၊​မောင်​​တောမြို့တို့တွင် စစ်​ရေးတင်းမာ​နေကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ