တရုတ်၏ ထိုင်ဝမ်ပိုင်နက်တောင်းဆိုမှုက နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု ထိုင်ဝမ်ကိုယ်စားလှယ်ပြော

ANI

ထိုင်ဝမ်ပိုင်နက်နှင့်ပတ်သက်ပြီး တရုတ်၏ တောင်းဆိုချက်များသည် နိုင်ငံတကာဥပဒေအရ တရားဝင်မှုမရှိကြောင်း ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ် ဒေးဗစ်ဒဗယ်လျူဟွမ်က ဆွစ်ဇာလန်၌ မိန့်ခွန်းပြောကြားမှုအတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံခြားရေးရာမူဝါဒအကြံပေးအဖွဲ့ Foraus ၏ ဖိတ်ကြားချက်အရ ဟွမ်သည် ဇူးရစ်တက္ကသိုလ်၌ တက်ရောက်သူ ဦးရေ၂၀၀ နီးပါးအား တရုတ်၏ M503 လေယာဉ်လမ်းကြောင်း ပြောင်းလဲမှုအပါအဝင် ထိုင်ဝမ်ရေလက်ကြားတွင် လတ်တလောဖြစ်စဉ်များကို အလေးထားပြောဆိုခဲ့သည်။

ထိုင်ဝမ်အားပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံ၏ အခိုင်အမာပြောဆိုမှုသည် နိုင်ငံတကာဥပဒေအရ တရားဝင်မှုမရှိကြောင်းနှင့် ထိုင်ဝမ်ရွေးကောက်ပွဲတွင် တရုတ်၏ဝင်ရောက်စွက်ဖက်မှု၊ M503 လေယာဉ်လမ်းကြောင်းကို တဖက်သတ်ပြောင်းလဲမှုနှင့် ကင်မင်ကျွန်းစုအနီး တရုတ်နိုင်ငံ၏ မီးခိုးရောင်ဇုန်စစ်ပွဲနည်းဗျူဟာဖြစ်ရပ်များကိုလည်း ဟွမ်က အလေးပေးပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ရန်လိုသောအပြုအမူများနှင့်စပ်လျဉ်းပြီး ဟွမ်က တရုတ်နှင့်ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သင်္ဘောများအကြား မကြာသေးမီက တိုက်မိမှုနှင့် ကင်မန်ကျွန်းစုများအနီး တရုတ်၏ကင်းလှည့်မှုများအား ဖြတ်သန်းခွင့်တားမြစ်သည့်ဗျူဟာဟု ဥပမာအဖြစ် ထောက်ပြခဲ့သည်။

ထိုင်ပင်ကျွန်းအား ထိုင်ဝမ်ပိုင်ဆိုင်မှုနှင့် တောင်တရုတ်ပင်လယ်တွင် အကျိုးစီးပွားများကာကွယ်စောင့်ရှောက်မှု ကတိကဝတ်များကိုလည်း ဟွမ်က ထည့်သွင်းပြောကြားခဲ့သည်။ အငြင်းပွားမှုများရှိသော်လည်း ဒေသတွင်း တည်ငြိမ်ရေးနှင့်သာယာဝပြောမှုကို မြှင့်တင်ရန် ဘက်ပေါင်းစုံဆွေးနွေးပွဲများ ကျင်းပရန် ဆန္ဒရှိကြောင်းလည်း ဟွမ်က ဆိုသည်။

ဟွမ်သည် အမေးအဖြေကဏ္ဍတွင် ထိုင်ဝမ်-ဖိလစ်ပိုင်ဆက်ဆံရေးနှင့် ကုလသမဂ္ဂမှ ထိုင်ဝမ်ကိုဖယ်ထုတ်ပြီး တရုတ်နိုင်ငံကို ကိုယ်စားပြုအဖြစ်ခန့်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် ၂၇၅၈ နှင့်ပတ်သက်သော မေးခွန်းများကိုလည်း ဆွေးနွေးဖြေကြားခဲ့သည်။