တရုတ်က တိဘက်ဘာသာစကား ဆိတ်သုဉ်းအောင် လုပ်ဆောင်နေ

ပုံစာ- တိဘက်အနည်းငယ်သာ ကိုယ်ပိုင်ဘာသာစကား သင်ခွင့်ရချိန် အများစုက တရုတ်ဘာသာစကား သင်နေရသည်။

BBC

တိဘက် ပညာရေးဆိုင်ရာ လူမှုဗေဒပညာရှင် ကျယ်လိုသည် မန်ဒရင်းတရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သော်လည်း ထိုထက် မပိုပေ။

သူသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တိဘက်ဒေသများ၌ တရုတ်၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကမ္ဘာသိအောင် ပြောဆိုလာခဲ့သည်။ တရုတ်၏ အဆိုပါ ပညာရေး ပြုပြင်ပြောင်းလဲမှုများ၌ ကိုလိုနီပြု ဖိနှိပ်ချုပ်ချယ်သူများအဖြစ် သူ ညွှန်းဆိုသော လူများ၏ ဘာသာစကားကို အသုံးမပြုလျှင် ပို၍ ကောင်းလိမ့်မည်ဟု ၎င်းက ဆိုသည်။

တရုတ်သည် အသက် လေးနှစ်လောက် ငယ်သော ကလေးငယ်များအတွက် ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းများ အသုံးပြုခြင်းကို ချဲ့ထွင်နေခဲ့ပြီး ထိုကျောင်းများတွင် အဓိက ဘာသာစကားအဖြစ် တိဘက်စကား နေရာတွင် တရုတ်စကားကို အစားထိုးလာခဲ့သည်။

ယခု ပြုပြင်ပြောင်းလဲမှုများသည် မန်ဒရင်းတရုတ်စကားက အဓိက ဆက်သွယ်ရေး ဘာသာစကား ဖြစ်နေသော နိုင်ငံ၌ တိဘက်ကလေးငယ်များ အရွယ်ရောက်သောအခါ၌ အကောင်းဆုံး ဖြစ်တန်ခြေရှိ ပြင်ဆင်ပေးမှုပဲ ဖြစ်သည်ဟု တရုတ်က ဆိုသည်။

သို့ရာတွင် ဒေါက်တာ ကျယ်လိုက ယင်းကို သဘောမတူဘဲ တရုတ်၏ ရည်ရွယ်ချက်အမှန်မှာ အသိုက်အဝန်းအတွင်းရှိ အလွန်ငယ်ရွယ်သူများကို ပစ်မှတ်ထားပြီး တိဘက် ကိုယ်ပိုင်လက္ခဏာများအား ရှင်းထုတ်ပစ်လိုခြင်းဟု ယူဆထားသည်။

“အနာဂတ်မှာ တိဘက်တွေ ကိုယ်ပိုင်ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ မရှိတော့အောင် သူတို့တွေက သင်ရိုးညွှန်းတမ်းတွေ ပြဋ္ဌာန်းထားတယ်”ဟု ကျယ်လိုက ပြောသည်။

“တရုတ်ဟာ တိဘက်တွေရဲ့ အမျိုးဂုဏ် စိတ်ဓာတ် လျော့ပါးသွားအောင် လက်နက်အဖြစ် ပညာရေးကို အသုံးချနေတယ်၊ သူတို့ရဲ့ အုပ်ချုပ်မှုကို ဘယ်သူမှ မဖိဆန်တော့အောင် လုပ်နေတာပဲ”ဟု ၎င်းက ဆိုသည်။

တိဘက်၌ တရုတ်၏ နိုင်ထက်စီးနင်း ကျူးလွန်မှုများ ရှိသည်ဆိုသော စွဲဆိုချက်များအပေါ် ပြည်ပလူ့အခွင့်အရေး အဖွဲ့အစည်းများက ဆယ်စုနှစ်များစွာ မီးမောင်းထိုးပြခဲ့သည်။ သို့ရာတွင် မကြာသေးသော နှစ်များအတွင်း တိဘက်အရေးအပေါ် အားပျော့လာခဲ့သည်။

ဦးတည်ရှေရှုရာသည် တရုတ် အနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်များအပေါ် တရုတ်၏ ပြုမှုဆက်ဆံမှုများနှင့် ဟောင်ကောင်ရှိ ဒီမိုကရေစီ လိုလားသော ဆန္ဒပြလှုပ်ရှားမှုများဆီ ပြောင်းလဲသွားသည်။

သို့ရာတွင် တရုတ်တာဝန်ရှိသူများက တိဘက်တွင်လည်း အလုပ်ရှုပ်နေကြသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

မကြာသေးသောနှစ်များ၌ တရုတ်အစိုးရသည် တိဘက်များအား ပညာသင်ကြားပေးနေသည့် ရွာကျောင်းများကို ပိတ်ပစ်ပြီး ဘော်ဒါကျောင်းများကို တိုးချဲ့ဖွင့်လှစ်လာခဲ့သည်။

ထိုသို့သော ဘော်ဒါကျောင်းများ ဖွင့်လှစ်ခြင်းကို လူဦးရေနည်းပါးသည့် တရုတ်ဒေသအချို့၌ ဆယ်စုနှစ်များစွာ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း တိဘက်နယ်မြေများတွင် ပညာရေးဆိုသည်ကို အဓိက ခေါင်းစဉ်တပ်လာပုံ ရှိသည်။

တိဘက်ကလေးငယ် ၈၀ ရာခိုင်နှုန်း၊ ကျောင်းသားကျောင်းသူ ၁,၀၀၀,၀၀၀ ခန့် ဖြစ်နိုင်သည့် ဦးရေသည် မူကြိုမှစကာ ဘော်ဒါကျောင်းများတွင် လက်ရှိ၌ စာသင်နေကြရပြီဟု စည်းရုံးလှုံ့ဆော်သူများက ခန့်မှန်းထားသည်။

ယခု မူဝါဒမှာ လိုအပ်၍ ဖြစ်သည်ဟု လန်ဒန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ချက်၌ ပြောထားသည်။

“ဟိုသည်တစု ပြန့်ကျဲနေတဲ့ လူဦးရေကြောင့် ကလေးငယ်တွေဟာ စာသင်ကျောင်းရောက်ဖို့ အကြာကြီး သွားရောက်ရတယ်၊ ဒါဟာ အတော်လေးကို အဆင်မပြေဘူး”ဟု ထုတ်ပြန်ချက်၌ ဆိုသည်။

“ကလေးငယ်တွေ ရှိနေတဲ့ နေရာတိုင်းမှာ စာသင်ကျောင်းတွေကို ဖွင့်ပါပြီပဲထား၊ ဒီကျရင်လည်း လုံလောက်တဲ့ ဆရာ၊ ဆရာမ ရရှိဖို့နဲ့ စာသင်ကောင်းဖို့လည်း အတော် ခက်ဦးမှာပဲ၊ ဒါကြောင့် ပြည်နယ်အစိုးရတွေဟာ ဘော်ဒါကျောင်းတွေ ဖွင့်ပေးတာပဲ”ဟု ယင်းက ထုတ်ပြန်ထားသည်။

သို့ရာတွင် ကလေးများအား အဝေးပို့ရန် မိဘများမှာ ဖိအားပေးခံရပြီး မိသားစုနှင့် မတတ်သာ၍ ခွဲခွာရသည့် ကလေးငယ်များအတွက်လည်း ယခုလို စာသင်ကျောင်းမျိုးက စိတ်ဒဏ်ရာများ ဖန်တီးပေးနေကြောင်း အတိုက်အခံများက ဆိုသည်။

“ကျွန်မ ဘဝမှာ စိန်ခေါ်မှု အရှိဆုံးက မိသားစုကို လွမ်းနေရတာပဲ”ဟု အသက် ၁၀ နှစ်အထိ ဘော်ဒါကျောင်းတွင် နှစ်အတန်ကြာ တက်ရောက်ဖူးသည့် တိဘက်ဆယ်ကျော်သက်တဦးက ပြောသည်။

သူသည် လက်ရှိ၌ တိဘက်မှ ထွက်ခွာလာခဲ့ပြီး အိန္ဒိယတွင် နေထိုင်လျက် ရှိသည်။ လှုံ့ဆော်ရေးအုပ်စုတစုမှ တဆင့် သူ့အား ဘီဘီစီက ပြောဆိုမေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။

“အဲဒီမှာ မိသားစုကို လွမ်းပြီး ငိုလည်း ငိုကြတဲ့ ကလေးတွေ အများကြီး ရှိနေတယ်။ တချို့ ပိုငယ်တဲ့ ကလေးတွေဆိုရင် ညလယ်မှာ နိုးလာပြီး ငိုကြတာတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။

ဒေါက်တာ ကျယ်လိုတွင်လည်း သူ့ ကိုယ်ပိုင် ဇာတ်လမ်း ရှိထားသည်။ သူ၏ မြေးတူမ နှစ်ဦးမှာ အသက်လေးနှစ်နှင့် ခြောက်နှစ်အရွယ်၌ ဘော်ဒါကျောင်းသို့ အပို့ခံရသည်။

မိသားစု ညစာစားပွဲပြီးနောက် ကျယ်လိုအနေဖြင့် သိလိုက်ရသည်မှာ သူ့ မြေးတူမ နှစ်ဦးသည် မိခင်ဘာသာစကားကို လည်လည်ပတ်ပတ် မပြောနိုင်တော့ဟု ခံစားနေရကြောင်း သူ သဘောပေါက်သွားတော့သည်။

“သူတို့ဟာ မိသားစုဝင်တွေနဲ့ တသားတည်း မဖြစ်တော့သလို ရှိနေပြီး ဧည့်သည်တွေလို ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ထိုအတွက်ကြောင့် လန်ကျို့ရှိ Northwest University for Nationalities တွင် အလုပ်လုပ်ကိုင်ဖူးသည့် လူမှုဗေဒပညာရှင် ကျယ်လိုက တိဘက် ဘော်ဒါကျောင်း ၅၀ ဆီ သွားရောက်ခဲ့ကာ အခြားသော ကလေးငယ်များ အလားတူ ဖြစ်မဖြစ် စူးစမ်းခဲ့သည်။ အလားတူပင် ဖြစ်ကြောင်း တွေ့ရှိခဲ့တော့သည်။

ဒေါက်တာ ကျယ်လိုသည် တရုတ်၏ ယခု ဘော်ဒါကျောင်းများကို အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျတို့တွင် တချိန်က ဖွင့်ခဲ့သည့် ကျောင်းများနှင့် နှိုင်းယှဉ်ခဲ့သည်။

ဌာနေကလေးငယ်များအား မိသားစုနှင့် ဝေးရာကို ခေါ်ဆောင်ခြင်းသည် လက်ရှိအချိန်တွင်တော့ လက်မခံနိုင်စရာ ဖြစ်နေပြီ ဖြစ်သည်။

“ဒီ ကလေးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှု အရင်းခံနဲ့ မိဘတွေ၊ မိသားစုတွေနဲ့ အသိုင်းအဝိုင်းတွေကြားက စိတ်ခံစားမှု ဆက်ဆံရေးကို လုံးလုံး ဖြတ်တောက်ပစ်လိုက်တာပဲ”ဟု သူက ဆိုသည်။

ပညာရေးစနစ် ဒုတိယ အကြီးဆုံး ပြောင်းလဲမှုသည် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည့် တိဘက်စကားနှင့် စာရေးသားမှု ဘာသာစကားတို့အတွက် စိုးရိမ်စရာပဲ ဖြစ်သည်။

တရုတ်က ကျောင်းများတွင် တိဘက်ဘာသာစကား နေရာ၌ မန်ဒရင်းတရုတ်စကားကို အစားထိုးလာခဲ့ပြီ ဖြစ်သည်။

တရုတ်တွင် တိုင်းရင်းသား လူနည်းစုများအတွက် သူတို့၏ ဘာသာစကားနှင့် စာရေးသားမှုများက လွတ်လွတ်လပ်လပ် ရှိကြောင်း တရုတ်သံရုံးက ပြောသည်။
သို့ရာတွင် ဘီဘီစီ တွေ့ဆုံမေးမြန်းခွင့်ရသည့် ကျောင်းသူကမူ စာသင်ကျောင်းတွင် တရုတ်စကားကိုသာ သုံးစွဲရန် တိုက်တွန်းခံရသည်ဟု ပြောဆိုသည်။

“စာသင်ခန်းအားလုံး တရုတ်စာ သင်ရတယ်၊ ကျွန်မတို့ ကျောင်းမှာ စာကြည့်တိုက်ကြီးကြီး ရှိတယ်၊ တိဘက်စာအုပ် တအုပ်မှ မတွေ့ဘူး”ဟု သူက ဆိုသည်။

ယခု တရုတ်၏ မူဝါဒသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် ဆန့်ကျင်ရာ ရောက်နေသည်ဟု ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခ အလက်ဇန္ဒြား ဟန်ခါကီက ပြောသည်။

မိဘများအနေဖြင့် သူတို့ ရွေးချယ်ရာ ဘာသာစကားကို သုံးစွဲသည့် ကျောင်းဆီ ကလေးများကို ပို့လွှတ်နိုင်ခွင့် ရှိသည်ဟု သူက ပြောသည်။

“နိုင်ငံခြား ဘာသာစကားအနေနဲ့ သင်ကြားတဲ့ နေရာမှာ အချိန် တနာရီ၊ နှစ်နာရီဆိုတာ လုံလောက်မှု မရှိဘူး”ဟု ၎င်းက ပြောသည်။

လွန်ခဲ့သော တနှစ်က ပါမောက္ခ ဟန်ခါကီနှင့် အခြားသော ကုလသမဂ္ဂ ကိုယ်စားလှယ် နှစ်ဦးတို့သည် တိဘက်၌ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ကန့်ကွက်မှုများ၏ အသေးစိတ်အား တရုတ်သို့ စာရေးသား ပေးပို့ခဲ့သည်။

အဆိုပါ စာ၌ တရုတ်သည် တိုင်းရင်းသား လူနည်းစုများအား “တသားတည်း ဖြစ်အောင် သွပ်သွင်းခြင်း” ကို ကြိုးပမ်းနေကြောင်း၊ ထိုအတွက် မန်ဒရင်းဘာသာစကားကို အသုံးချကာ တသားတည်းဖြစ်လာစေလိမ့်မည် ဖြစ်ကြောင်း ကောက်ချက်ဆွဲ ဖော်ပြထားသည်။

ဒေါက်တာ ကျယ်လိုသည် သူ လန်ကျို့မှ အလုပ်ထွက်ပြီးနောက် လုပ်ကိုင်ခဲ့သည့် ယူနန်ပြည်နယ်ရှိ တက္ကသိုလ်တခုမှ လက်ထောက်ဥက္ကဋ္ဌဖြစ်သူတဦးနှင့် အငြင်းအခုံ ဖြစ်ခဲ့သည်ကို ပြန်လည် အမှတ်ရလာသည်။ ယင်းမှာ တရုတ်ဘာသာစကားက အခြားသော ဘာသာစကားများထက် သာဆိုခြင်း၌ ငြင်းခုံရခြင်း ဖြစ်သည်။

“တနေ့မှာ အဲဒီလူ ကျွန်တော့် ရုံးခန်းဆီ ရောက်လာတယ်။ ခင်ဗျား တိဘက်စာနဲ့ စာတွေ ရေးနေပြီး ဘာကြောင့် တရုတ်စာနဲ့ မရေးတာလဲလို့ ကျွန်တော်ကို ပြောတယ်”ဟု လူမှုဗေဒပညာရှင် ကျယ်လိုက ပြောသည်။

“ဒီလို အပြောခံရတော့ ကျွန်တော်လည်း မခံချိ မခံသာ ဖြစ်ရပြီး စိတ်ဆိုးတာပေါ့။ တရုတ်စာနဲ့ ဆောင်းပါးတွေ မရေးချင်လို့ဗျာဆိုပြီး သူကို ပြောပစ်လိုက်တယ်”ဟု ၎င်းက ပြောကာ အဆိုပါ ပုဂ္ဂိုလ်လည်း စိတ်ဆိုးမာန်ဆိုး ထွက်ခွာသွားကြောင်း ပြန်ပြောင်းပြောဆိုသည်။

ထို ဖြစ်ရပ်ဖြစ်ပြီး မကြာခင် ၂၀၂၀ ၌ ကျယ်လိုသည် တရုတ်မှ ထွက်လာခဲ့ကာ လက်ရှိတွင် ကနေဒါ၌ နေထိုင်လျက် ရှိနေသည်။ သူသည် တိဘက်၌ လုပ်ဆောင်နေသော ပညာရေး ပြုပြင်ပြောင်းလဲမှုများကို မီးမောင်းထိုးပြနိုင်ရေး လှုံ့ဆော်လျက် ရှိနေသည်။

ကျယ်လိုတို့ကဲ့သို့ တက်ကြွလှုပ်ရှားသူများ၏ ပြောဆိုချက်များကို တရုတ်က အသည်းအသန် ခုခံကာကွယ်သည်။ ပြုပြင်ပြောင်းလဲမှုများက အကျိုးရှိကြောင်း ကမ္ဘာကို ပြသနိုင်ရန် ဝါဒဖြန့်လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်။

စွပ်စွပ်စွဲစွဲ ပြောဆိုသူများကိုလည်း ဂုဏ်သိက္ခာမရှိ ဖြစ်အောင် ကြိုးပမ်းနေသည်။ သတင်းတု မျှဝေမှုဖြင့် ပါမောက္ခ ဟန်ခါကီကို စွပ်စွဲခဲ့သည်။ ဒေါက်တာ ကျယ်လိုမှာလည်း ပစ်မှတ်ထားခံရသည်။ ယခု အရေးကိစ္စ၌ သူ၏ ပြောဆိုပိုင်ခွင့်ကိုလည်း တရုတ်နိုင်ငံပိုင်မီဒီယာ၌ မေးခွန်းထုတ်ထားသည်။

ထိုသို့ ရှိလင့်ကစား ကျယ်လိုမှာ မမှုဘဲ တိဘက်ဘာသာစကားနှင့် ယဉ်ကျေးမှုနှင့် လူငယ်များ၏ အနာဂတ်အတွက် လုံ့လစိုက်ထုတ်နေဆဲ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ကလေးငယ်တွေဟာ ကင်းကွာတဲ့ မျိုးဆက် ဖြစ်လာနေပြီး တော်တော်များများက တရုတ်အသိုက်အဝန်းရော တိဘက်အသိုက်အဝန်းမှာပါ ဝင်မဆံ့တာမျိုး ဖြစ်လာတော့မယ်”ဟု ၎င်းက ပြောခဲ့သည်။