ကျောက်စိမ်းဘုရားအနီး ဆီဘောက်ဆာကားများ မီးလောင်ပြီး လူ ၁ ဦး သေဆုံး

007

(မဇ္ဈိမ) ။ ။ မန္တလေး အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအရှေ့ဘက်၊ စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ ဆီဘောက်ဆာကားများ ရပ်နားထားသည့် ခြံဝင်းတွင် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ဆီဘောက်ဆာကားများ မီးလောင်မှုဖြစ်ပြီး လူတဦးသေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက ပြောသည်။

“ကျောက်စိမ်းဘုရားနဲ့ဆိုရင်အရှေ့ဘက်ကျတာပေါ့နော်၊ အဲဒီမှာ ဆီဘောက်ဆာတွေရပ်နားတဲ့ခြံဝင်းကြီးတခု ရှိတယ်၊ အဲဒီထဲက ဆီဘောက်စာတစီးကနေ စလောင်တာ၊ နောက်တစီးဆီ မီးဆက်ကူးတယ်၊ မီးများတယ်” ဟု မီးလောင်ပြင် ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းတခုမှ တာဝန်ရှိသူက ပြောသည်။

မီးလောင်မှုကြောင့် အချက်အလက်စိစစ်ဆဲ အမျိုးသားတဦး မီးလောင်သေဆုံးခဲ့ပြီး ဆီဘောက်ဆာကားနှစ်စီးနှင့် အဆောက်အဦတခုတို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“လောင်ချိန်တနာရီလောက်ရှိတယ်၊ မီးလောင်ပြီးမှ လူသေအလောင်း တလောင်းတွေ့ရတာ၊ အမျိုးသား အလောင်းဖြစ်တယ်လို့ပဲ ပြောလို့ရဦးမယ်” ဟု လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။

မီးငြိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့ဝင် ငါးဦးခန့် မစိုးရိမ်ရ ဒဏ်ရာများရှိသွားကြောင်း မီးသတ်ဝန်ထမ်းတဦးက ပြောသည်။

“မီးတအားများတော့ တနာရီလောက် မီးငြိမ်းသတ်ခဲ့ရတယ်၊ မီးသတ်ရဲဘော် ငါးယောက်လောက်ဒဏ်ရာရတယ် မစိုးရိမ်ရဒဏ်ရာတွေပါ” ဟု မီးသတ်ဝန်ထမ်းက ပြောသည်။

အဆိုပါ မီးလောင်မှုသည် မတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၂ မိနစ်ခန့်က မီးစလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကို Level (2) အဆင့်ဖြင့် မီးငြိမ်းသတ်ခဲ့ရာ သတ်ခဲ့ရကြောင်း ညနေ ၆ နာရီ ၂၂ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ၆၈ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားတွင် အဆောက်အဦတလုံး မီးလောင်မှုဖြစ်ပြီး လူလတ်ပိုင်းအမျိုးသားတဦး သေဆုံးခဲ့သည်။

အလားတူ မတ်လ ၂ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်အတွင်းရှိ လူနေအိမ်တလုံး မီးလောင်မှုဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်ကျောင်းသူတဦး သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်