ကနီမြို့နယ် မု‌ဋ္ဌောကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက်ရှိ မုဋ္ဌောကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်သွားသည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

“ရဟတ်ယာဉ်နဲ့ လေးကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရပြီးနေအိမ် နှစ်လုံးပျက်စီးခဲ့တယ်” ဟု မဇ္စျိမ၏ မြေပြင်သတင်းရင်းမြစ်က ပြောသည်။

မြေပြင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲဖြစ်နေတဲ့ ကနီမြို့နဲ့ ၇ မိုင်လောက်ဝေးပါတယ်။ ပစ်တာကလည်း ဘုန်းကြီးကျောင်း တဝိုက်ကို ပစ်သွားတာပါ။ စစ်ရေးအရ ပစ်မှတ်ထား တိုက်ခိုက်စရာမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်သွားခြင်း ဖြစ်တယ်” ဟု သတင်းအရင်းအမြစ်က ပြောသည်။

မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွါးနေသည့် ကနီမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ ရေလည်ကျွန်းရွာ(ပျူစောထီးအများစု နေသည့်ရွာ)ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပို့ ရဟတ်ယာဉ်များဖြင့် ငါးကြိမ်ခန့် စစ်အင်အား ဖြည့်တင်းမှု ပြုလုပ်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

ထို့အပြင် ကနီမြို့ ရပ်ကွက်(၃) ကို စစ်ကောင်စီတပ်က မတ်လ ၁၀ ရက် ညနေ ၅ နာရီအချိန်တွင် ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မဇ္စျိမမှ စုံစမ်းနေဆဲ ဖြစ်သည်။

ထိုသို့ ထိတွေ့တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကနီမြို့နယ်ရှိ မင်းကုန်း ၊ ညောင်ပင်ဝန်း ၊ တဇယ်ချောင် ၊ ငါးဖျတ် ၊ မုဠော စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀၀၀ ကျော် နေရပ်စွန့်ခွါ စစ်ရှောင်နေရသည်ဟု ဒေသခံထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ