ဖားဆောင်းတွင် စစ်ကောင်စီတပ်၏ သေနတ် ၁၇ လက်နှင့် ခဲယမ်းများ KNPLF သိမ်းဆည်းရရှိ

သိမ်းဆည်းရှရိသည့် လက်နက်ခဲယမ်းများ /ဓါတ်ပုံ-KNPLF

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီထံမှ သေနတ် ၁၇ လက်၊ ခဲယမ်းကျည်ဆန်များနှင့် ဒရုန်းဖျက် ဂျမ်မာစက်၊ စက်သွယ်ရေးစက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း KNPLF တပ်ရင်းအမှတ်(၄၈၇၈) က မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖားဆောင်း(သံလွင်) တံတား လမ်းခွ နှင့် အာရုံခံ စေတီ တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF)ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိသေးပေ။

ဖားဆောင်းမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး မတ်လ ၅ ရက်နေ့တွင် ဖားဆောင်းမြို့မ ရဲစခန်းကိုသိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။ ဖားဆောင်းမြို့မရဲစခန်း သိမ်းပိုက်ခံရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီမှ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း စစ်ကောင်စီကိုထောက်ခံကြောင်း ရေးသားဖော်ပြနေသည့် လူမှုကွန်ရက်အကောင့်များတွင် ရဲတပ်သားမရှိသည့် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းဆည်းထားကြောင်း ရေးသားထားကြသည်။ ဖားဆောင်းမြို့တွင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အခြေအနေအသေးစိတ်ကိုသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားဆောင်းမြို့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွက်သစ်ရပ်ကွက်ဘုန်းကြီးကျောင်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ရာ စစ်ရှောင်ပြည်သူ ငါးဦး ခန့်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

ဖားဆောင်းမြို့နယ်သည် စစ်ကောင်စီလက်လွှတ်ထားရသည့် မယ်စဲ့မြို့နယ်နှင့် ထိစပ်နေပြီး လက်ရှိတွင် ဖားဆောင်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်များမှ ကြိုးပမ်းနေကြရာ စစ်ကောင်စီဘက်တွင်လည်း ဖားဆောင်းမြို့ လက်မလွှတ်ရေးအတွက် လေကြောင်းအပြင်းအထန် အသုံးပြုနေကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီပြည်ရှိ မြို့ ၁၁ မြို့အနက် မယ်စဲ့မြို့၊ ရွာသစ်မြို့၊ မော်ချီးမြို့၊ နန်းမယ်ခုံမြို့၊ ရှားတောမြို့ စသည့် မြို့ ငါးမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်မှ အလုံးစုံ သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး